MySport Myanmar

အေစီမီလန်နဲ့ လမ်းခွဲဖို့ကို ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့ ဒွန်နာရွန်မာ ဖွင့်ဟ

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်တဲ့ ဂျန်လူအီချီဒွန်နာရွန်မာက ပြီးခဲ့တဲ့ နွေရာသီကနေ သူရဲ့ကလပ်အသင်းဟောင်း အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းနဲ့ ထပ်မံ သက်တမ်းမတိုးတော့ပဲ လက်တွဲဖြုတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ရခြင်းဟာ သူ့အတွက် လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့ရတာ မဟုတ်ဘူးလို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းနဲ့ ယူရိုချန်ပီယံ ဖြစ်ခဲ့တဲ့အပြင် ပြိုင်ပွဲတလျှောက် အကောင်းဆုံး ကစားသမားအဖြစ်ပါ သတ်မှတ်ခံလိုက်ရတဲ့ ဂိုးသမားဒွန်နာရွန်မာဟာ ပြိုင်ပွဲအပြီးမှပဲ မီလန်ကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ တရားဝင် ပြောင်းရွှေ့သွားခဲ့ပါတယ်။ ၂၀၁၃ခုနှစ်ကတည်းက မီလန်လူငယ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဒွန်နာရွန်မာဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာပဲ မီလန်စီနီယာ ဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ လက်စွမ်းတွေကြောင့် နေရာတဖြည်းဖြည်း ရရှိလာခဲ့ကာ နောက်ဆုံးမှာတော့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ ဒွန်နာရွန်မာလို လက်ရှိမှာ အသက်(၂၂)နှစ်သာ ရှိနေသေးပြီး အရည်အသွေးလည်း မြင့်မားတဲ့ ဂိုးသမားတစ်ဦးကို ပြောင်းရွှေ့ကြေးတောင် မပါဝင်ပဲ လက်လွတ်လိုက်ရတာက မီလန်အသင်းအတွက် အတော်လေး နစ်နာစေခဲ့ရပါတယ်။

Photo Credit : Sky Sports

မီလန်နဲ့ လက်တွဲဖြုတ်ခဲ့ရတဲ့အပေါ် ဒွန်နာရွန်မာက “ကျွန်တော် အေစီမီလန်အသင်းနဲ့ အသင်းပရိသတ်တွေကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ ပြီးခဲ့တဲ့ နွေရာသီတုန်းက မီလန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာ မလွယ်ကူခဲ့ပါဘူး။ အခုထိလည်း ကျွန်တော် မီလန်ကို အားပေးနေဆဲပါပဲ။ လူတိုင်းကတော့ ဒီလို ဖြစ်သွားခဲ့ရတဲ့အပေါ် ကျွန်တော့်ကို အပြစ်ပြောနေကြတယ်။ ဒါပေမယ့် အသင်းဆီကနေ နောက်ဆုံးရရှိခဲ့တဲ့ ဖုန်းပြောဆိုမှုမှာတော့ သူတို့အနေနဲ့ အခြား ဂိုးသမားတစ်ဦးကို ခေါ်ယူထားခဲ့ပြီးပြီဆိုတာ ကျွန်တော့်ကို အသိပေးဖို့ပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အသင်း အပြောင်းအလဲ မလုပ်ဆောင်ခင်မှာ ကြီးမားတဲ့ အောင်မြင်မှုကြီးတွေ ရယူနိုင်ခဲ့တဲ့ ဒွန်နာရွန်မာဟာ သူရဲ့အသင်းသစ်မှာ ပါဝင်ကစားနေရတာနဲ့ ပတ်သက်ပြီးတော့လည်း “ပီအက်စ်ဂျီအသင်းက ကျွန်တော် ကစားချင်ဆုံး အသင်းထဲမှာ အမြဲတမ်း ပါဝင်နေခဲ့တာပါ။ အယ်လ်ခါလိုင်ဖီနဲ့ လီယိုနာဒိုတို့ကလည်း ကျွန်တော့်ကို အလိုရှိနေတာ ကြာပါပြီ။ ကျွန်တော် ဒီမှာ တကယ်ကို ပျော်ရွှင်နေတယ်။ ကေလာနာဗက်စ်နဲ့ ကျွန်တော့်ကြားမှာလည်း ဘာပြသာနာမှ ရှိမနေပါဘူး။ ကျွန်တော်တို့မှာ ဆက်ဆံရေးကောင်းတွေပဲ ရှိနေပါတယ်။ ကျွန်တော်ကတော့ ယှဉ်ပြိုင်ရတာကို သဘောကျတယ်။ အသင်းအတွက်ကိုလည်း အကောင်းဆုံး ပေးဆပ်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Exit mobile version