ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတုန်းက လီဗာပူးလ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ရင်ဆိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ပြိုင်ပွဲအတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်က လီဗာပူးလ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ဆာလာမှာ ဒဏ်ရာအပြင်းအထန်ရခဲ့ရင်းနဲ့ ပွဲကိုဆက်လက်ကစားနိုင်ခြင်းမရှိတော့သလို လီဗာပူးလ်အသင်းကလည်း ရီးရဲလ်အသင်းကို (၃)ဂိုး(၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ကာ ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီဖြစ်ရပ်က နှစ်အနည်းငယ်ကြာမြင့်ခဲ့ပြီဆိုပေမယ့် အခုချိန်ထိကို ပြန်လည်ပြောဆိုနေကြဖြစ်နေတဲ့အပြင် ဒီလုပ်ရက်မှာလည်း ရာမို့စ်က ရည်ရွယ်ချက်ရှိရှိနဲ့ ဆာလာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာလို့လည်း လီဗာပူးလ်ပရိသတ်ဘက်ကနေ ယူဆထားကြပါတယ်။ ဆာလာကတော့ ဒီဒဏ်ရာကြောင့် အသင်းအတွက် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲကို ပွဲအပြီးထိ ဝင်ကစားခွင့်မရခဲ့သလို ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရပါသေးတယ်။ ဒီကိစ္စကို ဆာလာက ဘာမှတုန့်ပြန်တာမျိုးမရှိခဲ့ပေမယ့်လည်း ဆာလာရဲ့အသင်းဖော်ဟောင်း လိုဗရန်ကတော့ အခွင့်အရေးကြုံချိန်မှာ ဆာလာအတွက် လက်တုန့်ပြန်ပေးခဲ့တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

လိုဗရန်ရဲ့ခရိုအေးရှားလက်ရွေးစင်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၉ နိုဝင်ဘာလတုန်းက စပိန်အသင်းနဲ့ UEFA Nations League ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားစဉ် ပွဲကစားချိန်အတွင်းမှာ စပိန်ဘက်ကနေ ပါဝင်ကစားလာခဲ့တဲ့ နောက်ခံကစားသမားရာမို့စ်ကို လိုဗန်က သူရဲ့တံတောင်အစွမ်းပြပြီး ပြန်လည်တုန့်ပြန်ခဲ့တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ လိုဗရန်က “ဆာလာကို ချန်ပီယံလိဂ်ဖိုင်နယ်မှာတုန်းက သူကစားပုံကြမ်းတမ်းခဲ့တာက ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်ဆောင်သွားခဲ့တယ်လို့ ကျွန်တော်ခံစားမိတယ်။ ဒါကြောင့် ဒါကို ပြန်ပြီးကလဲ့စားချေဖို့ ကျွန်တော်မှတ်ယူထားတယ်။ ခရိုအေးရှားနိုင်ငံမှာ စပိန်အသင်းနဲ့ ကစားရတဲ့ပွဲစဉ်မှာတော့ ကျွန်တော်သူရဲ့ခေါင်းကို တံတောင်နဲ့တိုက်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်သူ့ကို ပြောလိုက်သေးတယ်။ ငါတို့တွေ 1-1 (ကြေပြီဆိုတဲ့သဘော)ဖြစ်သွားပြီလို့” ဆိုပြီး ပြန်လည်ပြောဆိုလာခဲ့ပါတယ်။ အသင်းဖော်အတွက် အခုလို လက်တုန့်ပြန်ခဲ့တဲ့ ဝါရင့်နောက်ခံလူကြီး လိုဗရန်ကတော့ လက်ရှိမှာ လီဗာပူးလ်အသင်းမှာ မရှိနေတော့ပဲ ရုရှားနာမည်ကျော်ကလပ် ဇင်းနစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီပဲဖြစ်ပါတယ်။