ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ ဆာဂျီနိုဒက်စ်က သူအနေနဲ့ သူကိုယ်စားပြုရမယ့် လက်ရွေးစင်အသင်းကို ရွေးချယ်ရမယ့်အချိန်မှာ နယ်သာလန်အသင်းအစား အမေရိကန်အသင်းကိုပဲ ရွေးချယ်သွားခဲ့ပြီး အဲ့ဒီအချိန်တုန်းကလည်း နယ်သာလန်အသင်းကို ကိုင်တွယ်နေသူက လက်ရှိဘာစီလိုနာအသင်းရဲ့နည်းပြ ရော်နယ်ကိုးမန်းဖြစ်နေတဲ့အတွက် လက်ရှိအချိန် သူတို့နှစ်ယောက်ရဲ့ကြားမှာ အဆင်မပြေသလို ခံစားနေရတာ ရှိမနေဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Bleacher Report

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အမေရိကန် ဘယ်နောက်ခံကစားသမား ဆာဂျီနိုဒက်စ်ဟာ အသက်ငယ်စဉ်ကတည်းက နယ်သာလန်ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး နာမည်ကြီး နယ်သာလန်ကလပ် အေဂျက်စ်အသင်းရဲ့ လူငယ်အကယ်ဒမီမှာပါ ၂၀၁၂ခုနှစ်ကတည်းက ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ ဒီလို နယ်သာလန်မြေမှာ အချိန်အတော်ကြာ ရှိလို့နေခဲ့တဲ့ ဒက်စ်ကို နည်းပြကိုးမန်းက နယ်သာလန်နည်းပြအဖြစ် ဆောင်ရွှက်နေစဉ်အတွင်း သူတို့အသင်းအတွက် ပါဝင်ကစားပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဒက်စ်က ဒီတောင်းဆိုမှုကို ပယ်ချသွားခဲ့ပြီး သက်တမ်းအလိုက် ပါဝင်ခဲ့တဲ့ အမေရိကန်အသင်းကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိအချိန် အမေရိကန်အသင်းနဲ့အတူ နိုင်ငံတကာရက်သတ္တပတ်ကို ဖြတ်သန်းလို့နေတဲ့ ဆာဂျီနိုဒက်စ်က “ကို့ရိုးကားယားဖြစ်နေတာမျိုး လုံးဝကို မရှိပါဘူး။ အဲ့ဒီအချိန်မှာလည်း ကျွန်တော် နယ်သာလန်နဲ့ အမေရိကန်အသင်းတို့ကြားမှာ ရွေးချယ်မှုပြုလုပ်ထားခဲ့တာပါပဲ။ အဲ့ဒီတုန်းက ကျွန်တော် ကိုးမန်းကို ရိုးရိုးသားသားပဲ ပြောပြခဲ့တာပါ။ ကျွန်တော် နယ်သာလန်အသင်းအတွက် ပါဝင်ကစားပေးလိုခြင်းမရှိပဲ အမေရိကန်အသင်းအတွက်ကိုပဲ ဆက်လက်ကစားပေးသွားချင်တယ်လို့ အရိုးသားဆုံး ပြောဆိုခဲ့တာပါ။ ဒီလို ရွေးချယ်ခဲ့တာကလည်း သူ့ကြောင့်လည်းမဟုတ်သလို ဘာကြောင့်မှမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက်ကြားက ကောင်းမွန်နေတဲ့ ဆက်ဆံရေးကို ဒီအတိုင်းလေးပဲ ဆက်သွားချင်ပါတယ်။ သူ ကျွန်တော့်ကို ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာဖို့ ဆက်သွယ်လာတဲ့အခါ မင်းဒီနေရာမှာ လာကစားဖို့ အခွင့်အရေးရှိနေသေးလားလို့ ကျွန်တော့်ကို မေးမြန်းခဲ့တယ်။ ကျွန်တော်ကလည်း ဒီလိုလှပတဲ့ အသင်းမှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေခဲ့တယ်လေ။ အပြောင်းအရွှေ့ဖြစ်မြောက်ပြီး ကျွန်တော်တို့နှစ်ယောက် ဆုံတွေ့ရချိန်မှာလည်း အရာအားလုံးက ပုံမှန်အတိုင်းပါပဲ။ ဘာမှပြသာနာရှိမနေပါဘူး” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒက်စ်ကို ဒီနှစ်နွေစျေးကွက်အတွင်း အေဂျက်စ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို(၂၁)သန်း+အပိုဆုကြေး ပေါင်(၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။