မနေ့က စနေညရဲ့ နောက်ဆုံးသော စပိန်လာလီဂါပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ တကယ့်ကို ဆိုးရွှားလှတဲ့ ရာသီဥတုအောက်မှာ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး နှစ်သင်းလုံး ဘာစွမ်းဆောင်ရည်ကိုမှ သိပ်မပြနိုင်ခဲ့ပဲ ဂိုးမရှိသရေနဲ့ ပွဲက အဆုံးသတ်သွားခဲ့ရပါတယ်။ အနီးဆုံးပြိုင်ဘက် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ပွဲရွေ့ဆိုင်းမှုနဲ့ ဆိုစီဒက်အသင်းရဲ့ ခြေချော်မှုတွေကို အကောင်းဆုံးအခွင့်ကောင်းယူရမယ့် ရီးရဲလ်ဟာ တကယ်တမ်းမှာတော့ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်သာရှိခဲ့တဲ့အထိ ဆိုးရွှားလှတဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့အတူ ရမှတ်တစ်မှတ်ကိုပဲ ယူဆောင်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Marca

လက်ရှိ် စပိန်နိုင်ငံအတွင်းမှာ Filomena အမည်ရှိ မုန်တိုင်းတစ်ခု တိုက်ခတ်နေမှုကြောင့် နိုင်ငံအတွင်းက ဒေသတော်တော်များများမှာ နှင်းတွေထူထပ်စွာ ကျဆင်းနေခဲ့ရတဲ့ ဘောလုံးပွဲစဉ်တချို့မှာလည်း ကျင်းပလို့မဖြစ်တော့ပဲ ပွဲတွေကို ရွေ့ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် အိုဆာဆူနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ လာလီဂါပွဲစဉ်ကိုတော့ ရွေ့ဆိုင်းမှုမပြုလုပ်ခဲ့ပဲ ပုံမှန်အတိုင်းသာ ကျင်းပစေခဲ့တာကြောင့် အသင်းသားတွေအနေနဲ့ ဆိုးရွှားတဲ့ ရာသီဥတုအောက်မှာ ရုန်းကန်ခဲ့ရပြီး ဒီလို အခြေအနေမျိုးမှာတောင် ပွဲကို ယှဉ်ပြိုင်ကစားစေခဲ့တဲ့အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ကို ရီးရဲလ်နည်းပြဇီဒန်းက ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Goal

ဇီဒန်းက “ကွင်းအတွင်းမှာ ကျွန်တော်တို့တွေ လုပ်ဆောင်နိုင်သမျှ အရာအားလုံးက လုပ်ဆောင်သွားခဲ့တယ်ဆိုပေမယ့် ဒါဟာ ဘောလုံးပွဲတစ်ပွဲလိုတောင် မဟုတ်ပါဘူး။ အခြေအနေတွေအားလုံးက ဘောလုံးကစားဖို့ အတော်လေးကို ခက်ခဲနေခဲ့ရတယ်။ ဒီနှစ်ရက်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့အရာတွေကြောင့်လည်း အားလုံးက ရှုပ်ထွေးသွားကုန်ရတယ်။ တကယ်တော့ ဒီပွဲက သေချာပေါက်ကို ရွေ့ဆိုင်းလိုက်သင့်တာပါ။ ဒါက ရှင်းနေတာပဲလေ။ အခြေအနေတွေက ဘောလုံးကစားဖို့အတွက် ဘယ်လိုမှ မလွယ်ကူတာ။ အားလုံးကလည်း ဒီပွဲကို ခက်ခက်ခဲခဲ ကစားခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အသင်းလည်း အခုလို တွေးထင်မိမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ရာသီဥတုအခြေအနေတွေကြောင့် ဒီပွဲက ရွေ့ဆိုင်းခဲ့ရခြင်း မရှိခဲ့ပေမယ့်လည်း အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ဘီလ်ဘာအိုအသင်းတို့ရဲ့ လာလီဂါပွဲစဉ်ကိုတော့ အစောပိုင်းကတည်းက ရွေ့ဆိုင်းထားခဲ့ပါတယ်။ ရီးရဲလ်အသင်းကတော့ ဒီပွဲစဉ်အတွင်း ပထမပိုင်းကစားချိန်မှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှကို မလုပ်ဆောင်နိုင်ခဲ့တာကြောင့် ဒါဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းရဲ့ အဆိုးရွှားဆုံး ပထမပိုင်းစွမ်းဆောင်ရည်တစ်ခုအဖြစ်နဲ့ပါ သတ်မှတ်ခံလိုက်ရပါတယ်။