မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဒေးဗစ်ဒီဂီယာက ဝက်ဖိုဒ့်အသင်းကို (၄)ဂိုး (၁)ဂိုးနဲ့ မရူမလှ အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ မီဒီယာတစ်ခုနဲ့ အင်တာဗျူး ဖြေဆိုနေစဉ်အတွင်း အသင်းရဲ့ စွမ်းဆောင်ရည်တွေ ဆက်တိုက်ကျဆင်းနေခြင်းအပေါ် အရှက်ရမိကြောင်းနဲ့ သူတို့တွေက အိမ်မက်ဆိုးတွေကို ဆက်တိုက်မက်နေရသလို ဖြစ်နေရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဒီရာသီမှာ ရော်နယ်လ်ဒို ဆန်ချို ဗာရန်းတို့လို တကယ့်ထိပ်တန်း ကစားသမားတွေနဲ့ အင်အားဖြည့်တင်းထားခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်ထိ ပုံစံကောင်းတစ်ခု မပြသထားနိုင်တဲ့အပြင် မနေ့ညက ဝက်ဖိုဒ့်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် အပါအဝင် ပရီးမီးယားလိဂ်မှာ ရှုံးပွဲ(၅)ပွဲအထိကို ရှိထားခဲ့ရတဲ့အထိ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတတ်လာခဲ့တဲ့ အသင်းတစ်သင်းကိုမှ အခုလို (၄)ဂိုး(၁)ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခြင်းဟာလည်း ယူနိုက်တက်အတွက် မှတ်တမ်းဆိုးတစ်ခုကိုပါ ပိုင်ဆိုင်သွားခဲ့ရသလို နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ဟာလည်း အလှုပ်ခတ်ဆုံး အခြေအနေကို ရောက်ရှိနေရပါတယ်။

Photo Credit : The Sun

အသင်းရဲ့ နိမ့်ကျလှတဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ဂိုးသမားဒီဂီယာက “ပြောစရာ အများကြီး မရှိပါဘူး။ ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်း ကစားပုံကို မြင်ရတာ ရှက်စရာကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ လုပ်ပုံကိုင်ပုံတွေက လက်ခံနိုင်စရာကို မရှိပါဘူး။ အသင်းနည်းပြတွေ နည်းပြအဖွဲ့ဝင်တွေကို အပြစ်တင်ဖို့က လွယ်ကူပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ ကစားသမားတွေလည်း အပြစ်မကင်းသင့်ပါဘူး။ ကျွန်တော်တို့ လုပ်နေကြထက် အများကြီး ပိုလုပ်ပြနိုင်ဖို့ လိုအပ်နေပါပြီ။ ဒီနေ့ ကစားနေတဲ့ အသင်းကို ကြည့်ရတာကလည်း အရမ်းခက်ပါတယ်။ အိမ်မက်ဆိုးတွေ ပြီးသွားတော့ အိမ်မက်ဆိုးတွေပဲ ဆက်တိုက်ဖြစ်နေရတယ်။ ဒါက လက်ခံနိုင်စရာ မရှိပါဘူး။ ကျွန်တော်တို့တွေ အသင်းအတွက် အကောင်းဆုံး ကြိုးစားပြီး ပေးဆပ်ကစားနေပေမယ့်လည်း တစ်ခုခု လွဲမှားနေတာကတော့ သေချာနေပါပြီ။ ပွဲတွေမှာ အဆင့်နိမ့်ပါးလွန်းစွာ ကစားနေရတာကို သင်တို့မြင်နိုင်ပါတယ်။ ပရိသတ်တွေကိုလည်း နောက်ထပ်တောင်းပန်ချင်ပါတယ်။ ခက်ခဲနေတဲ့ အခိုက်အတန့်နဲ့ ရင်ဆိုင်နေရပေမယ့် ကျွန်တော်တို့က ယူနိုက်တက်မှာ ပါဝင်ကစားဖို့အတွက် အခကြေးငွေတွေ ယူထားကြတာဖြစ်လို့ ဒီထက်မက ပိုကောင်းအောင် လုပ်ဆောင်ပေးရမှာပါ။ ဒါက မန်ချက်စတာယူနိုက်တက်အသင်း မဟုတ်သလို ကျွန်တော်တို့ တိုက်ပွဲဝင်သင့်တဲ့ ပုံစံမျိုးလည်း မဟုတ်ပါဘူး။ ယူနိုက်တက်လို အသင်းမျိုးဆိုတာက ဆုဖလားတွေနဲ့ ကြီးမားတဲ့ အရာတွေအတွက် တိုက်ပွဲဝင်နေရမှာ ဖြစ်ပေမယ့်လည်း ရိုးရိုးသားသား ပြောရရင်တော့ ကျွန်တော်တို့ ဒါတွေနဲ့ ဝေးကွာနေရပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။