မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့တိုက်စစ်ကစားသမား အန်တိုနီယိုမာစီယဲလ်ဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပြန်လည်ရွေးချယ်ခံရပြီးနောက် မနေ့ညက ကစားသွားခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ UEFA Nations League ပွဲစဉ်မှာ အသင်းအတွက် ပွဲထွက်ကစားခဲ့ရပြီး သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့သလို ပြင်သစ်အသင်းကလည်း ခရိုအေးရှားအသင်းကို (၄)ဂိုး(၂)ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား မာစီယဲလ်ဟာ မနေ့ညက ကျင်းပခဲ့တဲ့ UEFA Nations League ပွဲစဉ်အတွင်း ပြိုင်ဘက်ခရိုအေးရှားအသင်းဘက်ကို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့အပြင် ဂရစ်ဇ်မန်းသွင်းယူခဲ့တဲ့ ချေပဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မာစီယဲလ်ဟာ ပြင်သစ်အသင်းအတွက် ရွေးချယ်မခံခဲ့ရတာ နှစ်အနည်းငယ် ကြာမြင့်နေပြီဖြစ်ပေမယ့် အခုလို အသင်းအတွက် ပြန်လည်ရွေးချယ်ခံရချိန်မှာ သွင်းဂိုးတစ်ဂိုးရော ဂိုးဖန်တီးမှုတစ်ကြိမ်ကိုပါ ပူးတွဲလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အလွန်ကို ဝမ်းမြောက်နေရတယ်လို့ မာစီယဲလ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Memesita

မာစီယဲလ်က “အချိန်တွေကြာပြီနောက်မှ ပြင်သစ်အသင်းအတွက် ပြန်လည်ကစားရတာပါ။ ကျွန်တော်အတွက်တော့ ပွဲကောင်းတစ်ပွဲဖြစ်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒီပွဲမှာ ကျွန်တော်က သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှုတစ်ကြိမ်စီကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ပွဲရခဲ့လို့ အရမ်းကို ဝမ်းမြောက်မိပါတယ်။ ပွဲအစမှာတော့ ဘောလုံးတွေ မရရှိခဲ့တာကြောင့် ကျွန်တော်တို့ တိုက်စစ်ကစားသမား(၃)ယောက်ရဲ့ချိတ်ဆက်မှုတွေက အတော်လေးကို ရှပ်ထွေးနေရတယ်။ ဒါပေမယ့် ကစားရင်းကစားရင်းနဲ့ အချင်းချင်း ချိတ်ဆက်မိသွားချိန်မှာတော့ ပြိုင်ဘက်အသင်းရဲ့ခံစစ်ပိုင်းကို ဘယ်လိုအန္တရာယ်ပေးလာရမလဲဆိုတာ ပိုသိလာခဲ့တယ်။ နိုင်ပွဲက တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ အသင်းရဲ့နိုင်ပွဲကပဲ အရေးကြီးတာပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ မာစီယဲလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၄၈)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၂၃)သွင်းအထိ သွင်းယူခဲ့ကာ (၁၂)ဂိုးအထိလည်း ဖန်တီးထားနိုင်ခဲ့တာကြောင့် ပြင်သစ်လက်ရွေးစင်နည်းပြ ဒီဒီယာဒေ့ရှန်ကနေ အသင်းအတွက် ပြန်လည်ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။ မာစီယဲလ်ဟာ ပြီးခဲ့တဲ့ ဆွီဒင်အသင်းနဲ့ ပွဲစဉ်မှာလည်း ဒုတိယပိုင်းပြီးခါနီးအတွင်း လူစားဝင်ကစားလာခဲ့ကာ သူ့ကြောင့် အသင်းက ပင်နယ်တီရခဲ့ပေမယ့်လည်း ဂရစ်ဇ်မန်းက ပင်နယ်တီကို ဝင်အောင်မကန်သွင်းနိုင်ခဲ့ပါဘူး။