မနေ့ညက ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်းအတွင်းမှာ ဘာစီလိုနာအသင်းကို ဂိုးပြတ်ခြေပြတ်နဲ့ အပြတ်အသတ်ကို အနိုင်ယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့အသင်းရဲ့စံချိန်တင် အောင်ပွဲကြီးကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်ဆီကို တတ်ရောက်သွားခဲ့ရပြီဖြစ်ပြီး ဗိုလ်စွဲဖို့လည်း ရေပန်းအစားဆုံး ဖြစ်လို့နေပါတယ်။ အခုလည်း ဘာစီလိုနာအသင်းနဲ့ သူတို့ရဲ့ Icon ကစားသမား လီယွန်နယ်မက်ဆီတို့ကို အနိုင်ရယူနိုင်ခဲ့တာဟာ အရမ်းကို ပျော်စရာကောင်းခဲ့တယ်လို့ ဘိုင်ယန်ကွင်းလယ်ကစားသမား ဂေါ်ရက်ဇ်ကာက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

ဒီရာသီမှာ ဆုဖလားအောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရတဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းနဲ့ အဆင့်အတန်းတူညီတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို လက်သင့်ခံနိုင်လောက်စရာမရှိတဲ့ ဂိုးရလဒ်ဖြစ်သော (၈)ဂိုး(၂)ဂိုးနဲ့ အပြတ်အသတ် အရှက်ကွဲစွာ အရေးနိမ့်ခဲ့ရင်းနဲ့ ပြိုင်ပွဲကနေ လှည့်ပြန်သွားခဲ့ရပါတယ်။ ဘိုင်ယန်အသင်း မိနစ်ကိုးဆယ်အထိ ကစားအားမချပဲနဲ့ ဘာစီလိုနာအသင်းဘက်ကို တောက်လျှောက်ဖိအားပေး ကစားနိုင်ခဲ့ပြီး ဘာစီလိုနာကနေ အငှားခေါ်ထားတဲ့ ကော်တင်ဟိုကပါ ဘိုင်ယန်အတွက် (၇)ဂိုးနဲ့(၈)ဂိုးမြောက် သွင်းဂိုးတွေကို ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

အခုလို ကြီးမားတဲ့နို်င်ပွဲနဲ့ပတ်သက်ပြီး ဘိုင်ယန်အသင်းရဲ့ဂျာမန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဂေါ်ရက်ဇ်ကာက “ကျွန်တော်အရမ်းသဘောကျရတဲ့ ဘောလုံးသမား မက်ဆီတို့ ရှံးနိမ့်မှုအပေါ်မှာ ကျွန်တော်နာကျင်သလို မခံစားရပါဘူး။ တကယ်တမ်းဆိုရင် အရမ်းကို ပျော်စရာကောင်းခဲ့တာပါ။ ဒီပွဲရဲ့အကြောင်းတွေကို ပွဲပြီးပြီးချင်းမှာ ထုတ်ပြောပြရဖို့ကတော့ ခက်ခဲတယ်။ ဒီလိုရလဒ်မျိုးကို ရရှိနိုင်ဖို့ဆိုတာ (၂)ရက်လောက် ကစားမှ ရနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်မိခဲ့တာ။ အခု ကျွန်တော်တို့တွေ ယုံကြည်မှုအရမ်းရှိသွားခဲ့ပါပြီ။ ဒါပေမယ့် အဝတ်လဲခန်းအတွင်းမှာ ကျွန်တော်တို့တွေ ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ အဆင့်(၃)ဆင့်ကို တစ်ဆင့်ချင်းစီပဲ ဖြတ်သန်းသွားဖို့ အာရုံစိုက်ထားမှာပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ အခုဆိုရင် ဘိုင်ယန်အသင်းဟာ ဆီမီးဖိုင်နယ်ကို ရောက်ရှိသွားခဲ့ကာ ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားကြမယ့် မန်စီးတီးအသင်းနဲ့ လိုင်ယွန်အသင်းတို့ရဲ့ကွာတားဖိုင်နယ်ပွဲစဉ်ကနေ အနိုင်ရလာမယ့်အသင်းနဲ့ ဆုံတွေ့တော့မှာဖြစ်ပြီး နည်းပြဟောင်း ပတ်ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။