ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား အောထရန်ဂရီးဇ်မန်းက မနေ့ညက အိမ်ကွင်းနူးကမ့်မှာ စီးရီးအေချန်ပီယံ ဂျုဗင်တပ်စ်အသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အတွင်း သူတို့အသင်းရဲ့ ကစားပုံကို ပြစ်တင်သွားခဲ့ပြီး အသင်းသားတွေရဲ့ စိတ်နေစိတ်ထားပိုင်းမှာ ပြသာနာတွေ ရှိနေကြကာ ပြေးလွှားကစားဖို့ ကြိုးစားအားထုတ်ဖို့နဲ့ တိုက်စစ်ပြန်ဆင်ဖို့အတွက် စိတ်ကူးမရှိတော့တဲ့ ပုံစံမျိုးနဲ့ ကစားနေခဲ့ကြတယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဘာစီလိုနာအသင်းဟာ ဒီပွဲစဉ်ကို မကစားခင် ချန်ပီယံလိဂ်မှာ ပွဲစဉ်တိုင်းကို အနိုင်ရထားခဲ့တဲ့အတွက်ကြောင့် အုပ်စုပထမနေရာကို အခိုင်အမာ ရရှိထားခဲ့ပေမယ့်လည်း ဂျုဗင်တပ်စ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ချိန်မှာတော့ ရော်နယ်ဒိုရဲ့သွင်းဂိုးတွေနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရသလို အုပ်စုဗိုလ်နေရာကိုပါ ဂျုဗင်တပ်စ်အသင်းဆီ လွဲပြောင်းပေးခဲ့ရပါတယ်။ တကယ်တော့ အိမ်ရှင်ဘာစီလိုနာအသင်းဟာ ဂျုဗင်တပ်စ်နဲ့ပွဲစဉ် ဘောလုံးပိုင်ဆိုင်မှု ဂိုးကန်သွင်းမှု ဂိုးပေါက်တည့်မတ်မှုအပိုင်းတွေမှာ အကုန်အသာစီး ရခဲ့ပေမယ့်လည်း ချေပဂိုးတစ်ဂိုးတောင် ပြန်လည်မရရှိခဲ့ပဲနဲ့ ဂိုးပြတ်ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီလိုဂိုးပြတ်ရှုံးပွဲနဲ့ပတ်သက်ပြီး ဒီပွဲစဉ်မှာ အထောင်တိုက်စစ်နေရာကနေ ပါဝင်ကစားလာခဲ့တဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရီးဇ်မန်းက “ကျွန်တော်တို့အသင်းက ပထမပိုင်းမှာ လုံးဝကို ပျောက်ဆုံးလို့နေပါတယ်။ ဒါက စိတ်နေသဘောထားပိုင်း ပြသာနာတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်တို့တွေအနေနဲ့ ပြေးလွှားကစားဖို့ အလုပ်ကြိုးစားဖို့နဲ့ တိုက်စစ်ဆင်ကစားဖို့အတွက် လုံးဝကို ဆန္ဒမရှိတဲ့ ပုံစံမျိုးနဲ့ ကစားခဲ့တယ်။ ဒီပုံစံက အရမ်းကို ရုပ်ဆိုးအကျည်းတန်လွန်းခဲ့တယ်။ ဒီရှုံးပွဲအတွက် ကစားသမားတွေကို အပြစ်မတင်ဘူးဆိုရင် ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ။ ကျွန်တော်တို့က ဒီပွဲကို တကယ်ကစားခဲ့ရသူတွေလေ။ ဒီရှုံးပွဲက ကျွန်တော်တို့ တစ်သင်းသားလုံးကို ပုံစံဆိုးတွေကနေ ပြန်လည်နိုးထဖို့ သတိပေးလိုက်သလိုပါပဲ” လို့ အင်တာဗျူးတစ်ခုမှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီရှုံးပွဲနဲ့ပတ်သက်ပြီး ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကလည်း ပွဲကစားချိန် မိနစ်(၃၀)လောက်ရောက်ကတည်းက သူတို့အသင်းအနေနဲ့ ဒီပွဲကို ရှုံးနိမ့်ပြီဆိုတာကို နားလည်လိုက်ကြောင်းနဲ့ စကစားကတည်းက ကြောက်ရွံမှုတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ပိုင်းတွေမှာရော ခြေစွမ်းပိုင်းတွေမှာပါ အကျဘက်ကို ရောက်ရှိလို့နေပြီး လာလီဂါမှာလည်း အတော်လေးကို ရုန်းကန်လို့နေရပြီး အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ ခက်ခဲဖွယ်ရှိနေနိုင်ပါတယ်။