မနေ့ညက မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အယ်တီဟတ်ကွင်းမှာ ကျင်းပသွားခဲ့တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အိမ်ရှင်မန်စီးတီးက ရာဟင်စတာလင်ရဲ့သွင်းဂိုးနဲ့ ပွဲကိုဦးဆောင်ထားပြီးနောက် နောက်ထပ်ဒုတိယမြောက် သွင်းဂိုးကို ရယူနိုင်ဖို့အတွက် ပင်နယ်တီကန်သွင်းခွင့်ကို ပိုင်ဆိုင်ခဲ့ပေမယ့် ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးက ဒီပင်နယ်တီကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ အသင်းဖော်တွေကို တောင်းပန်စကားဆိုသွားခဲ့ပါတယ်။

Photo Credit : CBS Sport

အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးဟာ မန်စီးတီးအသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးနိုင်တဲ့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ခဲ့ပေမယ့် ဒီပင်နယ်တီကို Panenka ပုံစံမျိုးနဲ့ ကန်သွင်းခဲ့ရာ ချယ်လ်ဆီးဂိုးသမား အက်ဒွါမန်ဒီက ကာကွယ်သွားနိုင်ခဲ့တယ်။ ဒီပင်နယ်တီ မဝင်ခဲ့မှုက မန်စီးတီးအသင်းတွက် အတော်လေးကို ထိခိုက်စေခဲ့ရပြီး (၂)ဂိုးပြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေးကနေ ပြိုင်ဘက်ချယ်လ်ဆီးဘက်ကို ချေပဂိုးအပြင် ပွဲပြီးဆုံးခါနီးမှာလည်း အနိုင်ဂိုးကိုပါ ပြန်လည်ခွင့်ပြုခဲ့ရပြီး (၁)ဂိုး(၂)ဂိုးနဲ့ပါ အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို အသင်းအတွက် ထိခိုက်မှုဖြစ်စေခဲ့ရတဲ့ ပင်နယ်တီလွဲချော်ပြီး အဂွဲရိုးကို မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက အပြစ်တင်စကားဆိုဖို့ ငြင်းဆန်သွားခဲ့ပေမယ့် အဂွဲရိုးကတော့ တောင်းပန်စကားကိုပဲ ဆိုသွားခဲ့ပါတယ်။ အဂွဲရိုးက “ကျွန်တော်ရဲ့ အသင်းဖော်တွေ အသင်းရဲ့ဝန်ထမ်းတွေနဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော်ရဲ့ ပင်နယ်တီကန်သွင်းမှု လွဲချော်ခဲ့တာနဲ့ပတ်သက်ပြီး တောင်းပန်စကားဆိုချင်ပါတယ်။ Panenka ပုံစံနဲ့ ကန်သွင်းဖို့ ဆုံးဖြတ်ချက်ချလိုက်မိတာက ဆုံးဖြတ်ချက်အမှား ဖြစ်သွားခဲ့တယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်အပြည့်အဝကို တာဝန်ယူပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဒီပွဲမှာ ချယ်လ်ဆီးကို အနိုင်ရလိုက်တာနဲ့တင် ဒီရာသီရဲ့ ဒုတိယမြောက်ဆုဖလားအဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကို သိမ်းပိုက်နိုင်မှာဖြစ်ပေမယ့်လည်း ရှုံးနိမ့်လိုက်ရတာကြောင့် နောက်ပွဲတွေအထိ ဆက်လက်အဆုံးအဖြတ် ခံယူရဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ တူဟယ်လ် ချယ်လ်ဆီးကို ကိုင်တွယ်ပြီးနောက်ပိုင်း အက်အေဖလား ဆီမီးဖိုင်နယ်နဲ့ ပရီးမီးယားလိဂ်တို့မှာ (၂)ကြိမ်တွေ့ဆုံခဲ့ရာ (၂)ကြိမ်လုံး အရေးနိမ့်ထားခဲ့ပြီး ဒီမှတ်တမ်းက ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချယ်လ်ဆီးနဲ့ ထပ်မံဆုံရမယ့် မန်စီးတီးအတွက် သတိထားစရာ ဖြစ်နေခဲ့ရပါတယ်။