ချယ်လ်ဆီးနဲ့အာဆင်နယ်အသင်းတို့ရဲ့ ဂိုးသမားဟောင်းကြီးတစ်ဦးဖြစ်သလို လက်ရှိမှာ ချယ်လ်ဆီးရဲ့ နည်းစနစ်ဒါရိုက်တာ/ကစားသမားအဖြစ်နဲ့ ဆောင်ရွှက်နေတဲ့ ပီတာချက်က သူအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူခဲ့စဉ်တုန်းက ဘာစီလိုနာတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီနဲ့ အကြိမ်ကြိမ်ရင်ဆိုင်တွေ့ဆုံခဲ့ရဖူးပြီး မက်ဆီက သူ့ကို ဂိုးသွင်းယူနိုင်ဖို့အတွက် အတော်လေးကြိုးစားခဲ့ရတယ်လို့ ပြန်လည်ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : GiveMeSport

ချယ်လ်ဆီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ၂၀၀၄ခုနှစ်ကနေ ၂၀၁၂ခုနှစ်အတွင်း ဥရောပပြိုင်ပွဲတွေအတွင်း (၁၀)ကြိမ်အထိ မကြာခဏရင်ဆိုင်တွေ့ဆုံခဲ့ရပြီး ဂိုးသမားကြီးပီတာချက်ကလည်း သူ့အတွက် ပြိုင်ဘက်ကောင်းဖြစ်စေခဲ့တဲ့ မက်ဆီနဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ရပါတယ်။ ထူးခြားချက်တစ်ခုကတော့ မက်ဆီဟာ ပီတာချက်ရဲ့ဂိုးပေါက်ထဲကို တစ်ကြိမ်တစ်ခါမှ ဂိုးသွင်းယူနိုင်ခြင်းမရှိပဲ ချက်က ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားချိန်မှသာ မက်ဆီရဲ့သွင်းဂိုးကို ခွင့့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒီအမှတ်တရတွေနဲ့ပတ်သက်ပြီး ပီတာချက်က “သူ ကျွန်တော်ရဲ့ဂိုးပေါက်ထဲကို သွင်းဂိုးသွင်းယူနိုင်ဖို့က အတော်လေးကို အချိန်ယူခဲ့ရတယ်”

Photo Credit : FC Barcelona Noticias

“ချယ်လ်ဆီးမှာ ကစားခဲ့တုန်းက သူနဲ့(၁၀)ပွဲအထိ ရင်ဆိုင်ခဲ့ရပြီး တစ်ပွဲကိုမှ ဂိုးမပေးခဲ့ရပဲနဲ့ အာဆင်နယ်အသင်းဆီ ရောက်ရှိလာချိန်မှပဲ သူရဲ့ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ သူပင်နယ်တီကန်သွင်းတာ လွဲချော်တယ်။ သူရဲ့ကန်သွင်းချက်ကို ကျွန်တော်ကာကွယ်နိုင်ခဲ့တယ်။ သူရဲ့ကန်ချက်က တိုင်ထိတယ်။ မက်ဆီလို ကစားသမားမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရခြင်းက ဖိအားတော့ ဝင်စေရတယ်။ နောက်ပြီး Clean Sheet ရယူဖို့အတွက်ဆို ပိုပြီးတော့ ဖိအားများသေးတယ်။ ၂၀၁၂ခုနှစ်တုန်းက နူးကမ့်မှာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်နေရချိန် သူပင်နယ်တီကန်တာကို ကာကွယ်ရခြင်းက ကျွန်တော့်အတွက် ဖိအားအများဆုံးပါပဲ။ အဲ့အချိန်တုန်းကဆိုရင် သူဘာလုပ်နိုင်လဲ သူဘယ်လိုကန်သွင်းနိုင်မလဲဆိုတာကို စိတ်ထဲမှာ မှန်းဆတွေးတောနေရတာ။ အဲ့ဒီအချိန်မှာ ကျွန်တော်ရဲ့နည်းဗျူဟာကတော့ သူဘယ်နေရာကို ကန်တော့မလဲဆိုတာကို သိလာတဲ့အချိန်ထိ ခဏလောက်စောင့်ဆိုင်းလိုက်တယ်။ ဆိုတော့ သူရဲ့ဘောလုံးလမ်းကြောင်း လာမယ့်နေရာကို ကျွန်တော်မှန်းဆမိနိုင်ခဲ့တယ်။ သူကလည်း ဒါကို သိသွားတော့ အပေါ်ဘက်ကိုရောက်အောင် ကန်သွင်းလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ တိုင်ထိသွားခဲ့ရတယ်” လို့ ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ ချက်ဟာ လက်ရှိမှာ ချယ်လ်ဆီးရဲ့နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူနေသလို အရေးလိုရင် အသုံးပြုဖို့အတွက် သူ့ကို နည်းပြလမ်းပတ်ကပါ အသင်းရဲ့လူစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။