ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ လီဗာပူးလ်အသင်းရဲ့နည်းပြဖြစ်သူ ယာဂင်ကလော့က ချယ်လ်ဆီးအသင်းကို ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို ပိုင်ဆိုင်ဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေလိမ့်မယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပြီး ဒါကို ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဘက်ကနေ ပြန်လည်တုန့််ပြန်ခဲ့သလို အခု အဲဗာတန်အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်ပြီးအရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာလည်း သူတို့အသင်းကို လိဂ်ချန်ပီယံဆုအတွက် ရေပန်းစားနေတယ်လို့ ပြောဆိုခဲ့ခြင်းဟာ အလွန်ရယ်စရာကောင်းတယ်လို့ တုန့်ပြန်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးအသင်းဟာ မနေ့ညက ဂွတ်ဒီဆင်ပတ်ကွင်းထဲမှာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ကွင်းလယ်ကစားသမား ဆီဂတ်ဒ်ဆန်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ အရှံးပေးခဲ့ရပြီး ဒါဟာ စက်တင်ဘာ(၂၀)ရက်နေ့က လီဗာပူးလ်အသင်းကို ရှံးနိမ့်ခဲ့ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲစဉ်အပြီးမှာ လမ်းပတ်က သူတို့အသင်းကို ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်တဲ့ အသင်းအဖြစ် မသတ်မှတ်သင့်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

လမ်းပတ်က “ဒါက ရှည်လျားလွန်းတဲ့ ဘောလုံးရာသီတစ်ခုပါ။ လူတွေက ကျွန်တော်တို့အသင်းအကြောင်းကို ပြောဆိုကြတဲ့အခါ ကျွန်တော်တို့က ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲနိုင်တယ်တို့ လိဂ်ပြိုင်ပွဲတစ်ခုလုံးရဲ့ အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတယ်တို့ကို ထည့်ပြောကြမယ်ဆိုရင် ဒါဟာ အလွန်ကို ရယ်စရာကောင်းနေပါလိမ့်မယ်။ သင်အနေနဲ့ အကောင်းဆုံးလူစာရင်းအကြောင်းကို ပြောဆိုတဲ့အခါမျိုးမှာဆိုရင် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဆုဖလားတွေကို ပိုင်ဆိုင်ခဲ့တဲ့ အသင်းတွေကို ပြန်လည်ကြည့်ရှုသင့်ပါတယ်။ ဒီအသင်းတွေမှာက တစ်ရာသီအတွင်း သွင်းဂိုး(၃၀) (၄၀)လောက်အထိ သွင်းယူနေကြတဲ့ တိုက်စစ်ကစားသမားတွေ တောင်ပံကစားသမားတွေအပြည့်ကို ပိုင်ဆိုင်လို့ထားပါတယ်။ ကွင်းလယ်ကစားသမားဆိုရင်လည်း လိဂ်ချန်ပီယံဆုတွေကို ရယူထားဖူးတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပါသေးတယ်။ ကျွန်တော်တို့မှာလည်း အဲ့ဒီလို ကစားသမားတချို့ကို ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် ကစားသမားအားလုံံးနည်းပါးက လူငယ်တွေပါ။ ဆိုတော့ သင်က ကျွန်တော့်ကို ကျွန်တော်တို့အသင်းက ဒီရာသီမှာ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်မယ့် အသင်းလားလို့ မေးမယ်ဆိုရင် ကျွန်တော်ကတော့ Yes လို့ ပြန်ဖြေမိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ရေပန်းအစားဆုံးအသင်းတော့ ဖြစ်နေမှာ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

https://youtu.be/HVV5uRAmVO0