ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ် ကြယ်ပွင့်ကစားသမားလေး အလက်ဂျန်ဒရိုဂါနာချိုကို ခေါ်ယူသွားဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ကို ဆက်သွယ်ပြီး ဂါနာချိုနဲ့ ယူနိုက်တက်အသင်းတို့ကြားက စာချုပ်အခြေအနေတွေကို မေးမြန်းခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Forbes

 

စပိန်နိုင်ငံဖွား အာဂျင်တီးနား ကစားသမားလေး ဂါနာချိုဟာ ဒီနှစ်ဘောလုံးရာသီမှာပဲ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ နေရာပေးမှုနဲ့ ယူနိုက်တက်အသင်းမှာ ထွန်းတောက်လာသူ ဖြစ်ပေမယ့်လည်း သူနဲ့ အသင်းကြားက စာချုပ်အနေအထားက လပိုင်းလောက်သာ ကျန်ရှိနေတော့တာဖြစ်လို့ အသင်းဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေသလို ဥရောပ ထိပ်သီးအသင်းတွေကလည်း ဂါနာချိုရဲ့ အခြေအနေကို စောင့်ကြည့်လာခဲ့ပါတယ်။ အဲ့ဒီအသင်းတွေထဲမှာ ဒီနောက်ပိုင်း လူငယ် ကစားသမားတွေကို ဦးစားပေး ခေါ်ယူနေတဲ့ ချယ်လ်ဆီးအသင်းပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : Football365

The United Stand ကနေ ဖော်ပြလာချက်အရတော့ ချယ်လ်ဆီးအသင်းဟာ ဂါနာချိုကို ခေါ်ယူချင်နေတဲ့အတွက် ဂါနာချိုရဲ့ အေးဂျင့်တွေကို ဆက်သွယ်ပြီး ကစားသမားရဲ့ စာချုပ်အခြေအနေနဲ့ ပတ်သတ်လို့ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ အဲ့လို ဆက်သွယ် မေးမြန်းလာခဲ့ရာ ဂါနာချိုက လက်ရှိအချိန် ရည်ရွယ်ချက်က ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ကိုသာဖြစ်ကြောင်းနဲ့ တကယ်လို့ သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိခဲ့ဘူးဆိုရင်လည်း ပရီးမီးယားလိဂ်အသင်းတွေထက် ပြည်ပကလပ်အသင်းတွေကိုသာ ပြောင်းရွှေ့မှာဖြစ်ကြောင်း ပြန်လည် အကြောင်းပြန်သွားခဲ့ပါတယ်။ အသက်(၁၈)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက်ကြယ်ပွင့်လေး ဂါနာချိုဟာ ၂၀၂၀ခုနှစ်ကတည်းက အသက်လက်တီကို လူငယ်အကယ်ဒမီကနေ ယူနိုက်တက် လူငယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ရင်း မနှစ်ကရာသီမှာပဲ စီနီယာအသင်းအတွက် မိနစ်အနည်းငယ်လေး စတင် ကစားခွင့်ရခဲ့ပါတယ်။ ဒီရာသီမှာတော့ ဂါနာချိုက ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲအထိ ကစားခွင့် ရရှိထားခဲ့ပြီး သွင်းဂိုး(၂)ဂိုး ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ထားခဲ့သလို world cup မတိုင်ခင် ယူနိုက်တက် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း ဂါနာချိုက သူရဲ့ ကစားသမားဘဝ ပထမဆုံးသော ပရီးမီးယားလိဂ်သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။