MySport Myanmar

မန်ယူအသင်းဆီ ပြောင်းလာပြီး တန်ဟက်ဂ်နဲ့ လက်တွဲသွားဖို့ စိတ်ဝင်စားနေတဲ့ ဂက်ပို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အလိုရှိနေတဲ့ ကစားသမားတွေထဲမှာ တစ်ယောက် အပါအဝင်ဖြစ်တဲ့ PSV တောင်ပံကစားသမားလေး ကိုဒီဂက်ပိုဟာ သူ့ကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာချင်နေပြီး ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့လက်အောက်မှာ ပါဝင်ကစားသွားဖို့က်ိုပါ စိတ်ဝင်စားနေတယ်လို့ နယ်သာလန် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Detik Sports

ယူနိုက်တက်အသင်းက နွေဈေးကွက် မပိတ်ခင်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမား(၂)ဦးခန့်လောက် ဖြည့်တင်းသွားဖွယ် ရှိနေပြီး လတ်တလောမှာလည်း နယ်သာလန်လိဂ်က ကစားသမားတွေဖြစ်တဲ့ အန်တိုနီ ဂက်ပိုတို့နဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ဘက်က ကစားသမားနှစ်ဦးလုံးကို စိတ်ဝင်စားနေသလို ကစားသမားတွေကိုယ်တိုင်ကပါ ယူနိုက်တက်နဲ့ ပူးပေါင်းချင်နေတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ အန်တိုနီရော ဂက်ပိုကိုပါ ခေါ်ယူဖို့ထက် အရင်ကတည်းက အသင်းရဲ့ ပစ်မှတ်ဖြစ်သူ အန်တိုနီကို ဦးစားပေး ကြိုးပမ်းဖွယ် ရှိနိုင်ပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့ မလွယ်ကူမှသာ ဂက်ပိုကို ခေါ်ယူသွားရနိုင်ပါတယ်။

Photo Credit : Hops

ကစားသမားနှစ်ဦးလုံးက အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမားတွေဖြစ်ကြပြီး အိုင်းယတ်စ်ရဲ့ ဘရာဇီးလ်သား winger အန်တိုနီက သူ့ဆရာသမားဟောင်း နယ်သာလန် တောင်ပံကစားသမားလေး တန်ဟက်ဂ်နဲ့ ယူနိုက်တက်မှာ ပြန်လည် လက်တွဲသွားချင်နေသလို ဂက်ပိုကလည်း တန်ဟက်ဂ်လက်အောက်မှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေကြပါတယ်။ PSV အသင်းဘက်ကတော့ သူတို့ရဲ့ star player ဂက်ပိုကို ရောင်းချဖို့ စိတ်ကူးမရှိပေမယ့်လည်း ရောင်းချရမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၅၀)လောက်အထိ တောင်းဆိုဖွယ် ရှိနေပါတယ်။ ဒါပေမယ့် PSV က လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရဖို့အတွက် ရိန်းဂျားစ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပလေးအော့ ဒုတိယအကျော့ပွဲစဉ်က အရေးကြီးနေတာကြောင့် ဂက်ပိုရဲ့ အပြောင်းအရွှေ့ကို ပလေးအော့ပွဲပြီးမှသာ ဆုံးဖြတ်သွားဖွယ် ရှိနေပါတယ်။ ဂက်ပိုနဲ့အပြိုင် ယူန်ိုက်တက်အသင်းနဲ့ သတင်းထွက်နေတဲ့ အန်တိုနီကလည်း မနေ့ညက ယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတို့ပွဲစဉ်ကို သူ့အေးဂျင့်ဖြစ်သူနဲ့အတူ အားပေးကြည့်ရှုခဲ့ကြောင်းကို ဓါတ်ပုံနဲ့တကွ အင်စတာဂရမ်ကနေ ဖော်ပြသွားခဲ့ပါတယ်။ The Athletic ကနေ ဖော်ပြချက်တွေအရ ယူနိုက်တက်အသင်းဟာ အန်တိုနီအတွက် နောက်တစ်ကြိမ် ကမ်းလှမ်းမှုအဖြစ် ယူရို(၉၄)သန်းနဲ့ ကမ်းလှမ်းလာဖွယ် ရှိနိုင်တယ်လို့ ဖော်ပြလာခဲ့ပြီး လက်ရှိမှာလည်း ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အနာဂတ်က မတည်ငြိမ်သေးတာကြောင့် ယူနိုက်တက်အနေနဲ့ ဈေးကွက်မပိတ်ခင်မှာပဲ ကစားသမားသစ်တွေ ထပ်မံခေါ်ရဖွယ် ရှိလာနိုင်ပါတယ်။

Exit mobile version