ဒဏ်ရာပြသာနာတွေ အနာဂတ်နဲ့ပတ်သက်ပြီး မတည်မငြိမ် ဖြစ်နေမှုတွေကြောင့် အသင်းမှာ ပုံမှန်နေရာတစ်နေရာ ပျောက်ဆုံးနေရတဲ့ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီဟာ မနေ့ညက ဝုလ်ဖ်ဘာဂါအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် (၃၂)သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပွဲထွက်ကစားခဲ့ရတဲ့အပြင် အဖွင့်သွင်းဂိုးကိုလည်း ပထမပိုင်း ပွဲကစားချိန် (၁၁)မိနစ်အတွင်းမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား အလီဟာ ဒဏ်ရာပြသာနာအပြင် အသင်းနည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေးပိုင်း အနည်းငယ်အဆင်မပြေမှုကြောင့် ဒီနှစ်ဘောလုံးရာသီအတွင်း ပွဲအနည်းငယ်ခန့်သာ ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အလီဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့လို့ အခုဖေဖော်ဝါရီလအတွင်းမှာပဲ အသင်းနဲ့အတူ (၅)ပွဲဆက်တိုက် ပါဝင်ကစားခွင့်ရခဲ့သလို ဝုလ်ဖ်ဘာဂါအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် (၂)ကျော့စလုံးမှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပါသေးတယ်။

Photo Credit : Evening Standard

အလီနဲ့ပတ်သက်ပြီး စပါးနည်းပြ မော်ရင်ဟိုက “ကျွန်တော်တို့တွေ ခက်ခဲလွန်းတဲ့ ကာလတစ်ခုကို ကျော်ဖြတ်ခဲ့ရတယ်။ သူဆိုရင်လည်း ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရသလို အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလဟာလတွေနဲ့လည်း ကြုံတွေ့ရပါသေးတယ်။ အခုကတော့ စျေးကွက်လည်း ပိတ်သိမ်းသွားခဲ့ပါပြီ။ ဒဏ်ရာကနေလည်း ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ စိတ်ခွန်အားအပြည့်နဲ့ အသင်းအတွက် ပါဝင်ကစားပေးနေပါပြီ။ သူ ကစားသွားတာ အရမ်းလည်းကောင်းမွန်ပါတယ်။ ဒီအချိန်မှာ သူ့အနေနဲ့ အသင်းအတွက ပွဲထွက်ကစားရတော့မယ်ဆိုတာကို မပြောနိုင်သေးပေမယ့်လည်း အသင်းက ပွဲပေါင်းများစွာ ကစားရဖို့ ရှိနေသေးတဲ့အတွက် သူရဲ့ပွဲထွက်ခွင့်တွေ ရရှိလာမှာပါ။ သူရဲ့သွင်းဂိုးက အတော်လေးကို လှပခဲ့တယ်ဆိုပေမယ့် သူရဲ့ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့ အသင်းအတွက် ကြိုးစားကစားပေးသွားမှုက အသင်းအတွက် ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်လို့ ကျွန်တော်ထင်မိပါတယ်။ ဒီလို စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ ကျွန်တော့်ကို ပျော်ရွှင်စေမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အလီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက LASK အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ယူရိုပါလိဂ် အုပ်စုအဆင့်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးရယူခဲ့ပြီးနောက် ပွဲ(၂၀)ကျော်အကြာမှ သွင်းဂိုးပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။