မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်ဖ်​အေဖလား ဆီမီးဖိုင်နယ်ပွဲစဥ်မှာ သူတို့ ချယ်လ်ဆီးအသင်းက အခွင့်အရေးတွေ များစွာကို အသုံးမချနိုင်မှုနဲ့ ဂိုးသွင်း အဆုံးသတ် မသေချာမှုတွေက အသင်းအတွက် နစ်နာစေခဲ့ရတယ်လို့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ဟာ ဝင်ဘလေမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ယှဥ်ပြိုင်ခဲ့ရင်း ကြားရက်မှာ ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ပွဲကိုပါ ကစားထားရတဲ့ မန်စီးတီးအသင်းက ပွဲပန်းမှုဒဏ်ကို ခံစားနေရတဲ့အပြင် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်။

Photo Credit : Squawka

ပွဲစဥ်အတွင်းမှာလည်း မန်စီးတီးက ရုန်းကန်နေခဲ့ရပြီး ပထမပိုင်းမှာလည်း ချယ်လ်ဆီးကစားပုံက စီးတီးထက် ပိုကောင်းမွန်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးဘက်က အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်မှုနဲ့ ကွင်းလယ်ဒိုင် မိုက်ကယ် အိုလီဗာရဲ့ ဆုံးဖြတ်ချက်တချို့ဟာလည်း မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။

ဒီပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက “ဒီပွဲမှာ ကျွန်တော်တို့တွေ ဂိုးမပေးသင့်တဲ့ အခိုက်အတန့်မျိုးကနေ ဂိုးပေးလိုက်ရတယ်။ ဂိုးပေါက်ရှေ့မှာလည်း အဆုံးသတ် သေချာမှုတွေ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့တွေ အခွင့်အရေးတွေ အမြောက်အများ ရရှိခဲ့ပေမယ့် ဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး။ တနင်းလာနေ့တုန်းက အဲဗာတန်နဲ့ပွဲမှာ (၆)ဂိုးထိတောင် သွင်းယူခဲ့ပေမယ့် အခုပွဲမှာက အဲ့ဒီပွဲထက် အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးတော့ မသွင်းနိုင်ခဲ့ဘူး။”

Photo Credit : GB News

“ဒီပွဲက ကျွန်တော်တို့အသင်းက အနည်းငယ် ပိုကောင်းခဲ့ပြီး အခုရလဒ်ထက် ပိုမို ထိုက်တန်တယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ဒါကထိုက်တန်မှုအကြောင်းတော့ မဟုတ်ပါဘူး။ ဒါက အဆုံးသတ်မကောင်းမွန်တဲ့ အကြောင်းပါပဲ။ မန်စီးတီးလို အသင်းမျိုးနဲ့ အကောင်းဆုံး  ယှဥ်ကစားနိုင်ခဲ့တာ အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ လွယ်တော့မလွယ်ကူပေမယ့်လည်း တကယ်ကို ကောင်းကောင်း ယှဥ်ပြိုင်နိုင်ခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီရာသီမှ ချယ်လ်ဆီးအသင်းနဲ့ စတင် လက်တွဲခဲ့တဲ့ နည်းပြပိုချက်တီနိုက အသင်းကို ပြည်တွင်းပြိုင်ပွဲ (၂)ခုလုံး ဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်အဆင့်တွေထိ ပို့ဆောင်ထားနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ အဆင့်(၉)နေရာထိ ရောက်ရှိနေရပြီး လက်ရှိအခြေအနေတွေအရ လက်ကျန် အမှတ်ပေးပွဲတွေကို အနိုင်ယူရင်း ဥရောပဝင်ခွင့်ကို မျှော်မှန်းရဖွယ် ရှိနေပါတယ်။