မနေ့ညက နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ ဘာစီလိုနာအသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ ယူရိုပါလိဂ် ပလေးအော့ ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင်ဘာစီလိုနာဘက်က အသာစီးရယူနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ဧည့်သည်အသင်းထက် အဆပေါင်းများစွာ ရရှိခဲ့ပေမယ့် ဖယ်ရန်တောရက်စ်ရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုတွေကြောင့် ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီနဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။

Ferran Torres, after missing several clear chances, ended the match in tears

Photo Credit : Be Soccer

ဘာစီလိုနာအသင်းဟာ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ နာပိုလီအသင်းရဲ့ ဦးဆောင်မှုကို ခံထားရပေမယ့် ဒုတိယပိုင်းမှာ ပင်နယ်တီကန်ခွင့် ရရှိခဲ့လို့ တောရက်စ် အဆုံးသတ် ကန်သွင်းခဲ့ပြီး တစ်ဂိုးစီ သရေကျခဲ့သလို ဒုတိယပိုင်း တစ်ပိုင်းလုံးနီးပါးမှာလည်း ဂိုးသွင်းခွင့်တွေက အကြိမ်များစွာ ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အခွင့်အရေး အများစုဟာ အသင်းရဲ့ စပိန်ကစားသမားသစ် ဖယ်ရန်တောရက်စ်က ရရှိခဲ့တာဖြစ်ပြီး သူ့အနေနဲ့ အဲ့ဒီအခွင့်အရေးတွေကို အကောင်းဆုံး အသုံးမချနိုင်ခဲ့တာကြောင့် အသင်းက နိုင်သင့်ပါလျက်နဲ့ သရေကျခဲ့ရသလို အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တဲ့ တောရက်စ်မှာလည်း ပွွဲအပြီးမှာ ဝမ်းနည်းပက်လက် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Sportskeeda

ဒီလို ဂိုးသွင်းခွင့်တွေ အသုံးမချနိုင်ခဲ့တဲ့ တောရက်စ်နဲ့ပတ်သက်ပြီး ဇာဗီက “ဒီလိုအဖြစ်မျိုးက လူးဝစ်ဆွာရက်ဇ်လည်း ဖြစ်ခဲ့ရတာပဲ။ သူ ဒီကိုရောက်ရှိလာပြီး လအနည်းငယ်လောက်ထိ ဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရတာ။ ဘာကာရဲ့ဂျာစီကို ဝတ်ထားရတဲ့ ကစားသမားအနေနဲ့ ဖိအားဒဏ်ကို တခြားသူတွေထက် အနည်းငယ် ပိုခံစားရတတ်တယ်။ ဒါပေမယ့် အသင်းမှာ တောရက်စ်လို ကစားသမားမျိုး ရှိနေတာကို ကျွန်တော် အရမ်းဝမ်းမြောက်မိတယ်။ သူ့ဘက်ကလည်း ကျွန်တော့်အတွက် ပျော်ရွှင်မှုတွေ အများကြီး ပေးစွမ်းနိုင်ပါလိမ့်မယ်။ သူသာ ပင်နယ်တီဧရိယာထဲမှာ ရှိနေမယ်ဆိုရင် ခုဏက ကျွန်တော်ပြောသလို ကျွန်တော့်အတွက် ပျော်ရွှင်မှုတွေ ဖြစ်လာမှာ။ ဘာကြောင့်လဲဆိုတော့ သူဂိုးသွင်းမှာမို့လေ။ သူရဲ့ဘဝတလျှောက်လုံးမှာ သွင်းဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့တာ။ အဲ့ဒီအတိုင်းလည်း သူထပ်လုပ်ဆောင်လာနိုင်မှာ။ လေ့ကျင့်ရေး အစီအစဉ်မှာဆိုရင်တော့ သူက သွင်းဂိုးအများဆုံး သွင်းယူတတ်တဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော်ကတော့ သူ့အပေါ်မှာ အကြွင်းမဲ့ ယုံကြည်ပါတယ်။ ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေကလည်း သူ့ကို ဂရုတစိုက် ရှိနေပါတယ်။ သူက တကယ့်ကို သန်မာပြီး မိမိကိုယ်ကို တောင်းဆိုနိုင်တဲ့ ကစားသမားပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ တောရက်စ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာပဲ မန်စီးတီးအသင်းကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ(၆)ပွဲမှာ သွင်းဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။