မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ရောက်ရှိလာပြီးကတည်းကနေ အခုအချိန်ထိ အသင်းအတွက် အတော်လေးကို အကျိုးပြုနေပြီး ဂိုးပါဝင်ပတ်သက်မှုနှုန်းကလည်း အမြင့်မားဆုံး ဖြစ်လို့နေတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က သူရဲ့သွင်းဂိုးအများစုဟာ ပင်နယ်တီကန်ချက်တွေကနေ ရရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း ဂိုးတွေကို ဘယ်လိုပုံစံနဲ့ သွင်းယူနေသလဲဆိုတာထက် ကိုယ့်အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်ဖို့က အရေးကြီးတယ်လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Photo Credit : Twitter

အသက်(၂၆)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၀)အထိ ပါဝင်ကစားခဲ့ပြီးနောက်မှာ သွင်းဂိုး(၁၉)ဂိုး ဂိုးဖန်တီးမှု(၁၄)ကြိမ်နဲ့ စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှုကို (၃၃)ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ သူရဲ့သွင်းဂိုး(၁၉)ဂိုးထဲက လိဂ်သွင်းဂိုး(၉)ဂိုးကတော့ ပင်နယ်တီကန်သွင်းမှုတွေကနေ ရရှိလာခဲ့တာဖြစ်လို့ ပရိသတ်တချို့ကလည်း ဖာနန်ဒက်စ်ကို ပင်နယ်တီကနေသာ ဂိုးသွင်းတတ်တဲ့ ကစားသမားတစ်ယောက်ဆိုပြီး လှောင်ပြောင်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။

Photo Credit : Goal

ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “ကျွန်တော်ကိုယ်တိုင် ပင်နယ်တီကနေပဲ သွင်းဂိုးတွေ ရအောင်ယူနေမိတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် သွင်းဂိုးရဖို့ကပဲ အရေးကြီးတာပါ။ ဒီသွင်းဂိုးတွေကို ဘယ်လိုပုံစံနဲ့ သွင်းယူသလဲဆိုတာက တကယ်တော့ ဒီလောက်အရေးမကြီးပါဘူး။ သင့်အနေနဲ့ ပြိုင်ပွဲတွေကို ဘယ်လိုပုံစံနဲ့ ကစားရကစားရ အနိုင်ရဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ ပင်နယ်တီတွေ ကန်သွင်းခွင့်ရတိုင်းမှာရော အသင်းဖော်တွေအတွက် ပေးပို့မှုတွေကို လုပ်ဆောင်ရတိုင်းမှာပါ ယုံကြည်မှုတွေ အမြဲတမ်းရှိလို့နေပါတယ်” လို့ BBC Sports နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ မနေ့ညက ယူနိုက်တက်နဲ့ အက်စတွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ယူနိုက်တက်အတွက် အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပြီး သူရဲ့ ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးဟာလည်း (၁၁)ဂိုးအထိ ရှိလာခဲ့ရသလို အသင်းအတွင်းမှာလည်း ဂိုးသွင်းအများဆုံးသူအဖြစ် ဆက်လက်ရပ်တည်လို့နေပါတယ်။ လက်ရှိမှာတော့ ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက် ကွာဟမှုနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အမှတ်ပေးချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ လီဗာပူးလ်ကို အကောင်းဆုံးဖိအားပေးထားနိုင်လျက် ရှိနေပါတယ်။