စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ စပိန် ကွင်းလယ် တိုက်စစ် ကစားသမားဖြစ်တဲ့ အစ္စကိုဟာ သူ့ရဲ့နည်းပြဟောင်း အန်ဆလော့တီနဲ့ အသင်းဖော်ဟောင်း ရိုဒရီဂွက်စ်တို့ ရှိရာ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း စပိန် အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ်အရွယ် ကွင်းလယ် တိုက်စစ် ကစားသမား အစ္စကို ဟာ တစ်ချိန်က ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ အသင်းအတွက် ပုံမှန် ကစားပေးခွင့် မရတော့သလို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာလည်း သူ့ရဲ့ ပွဲကစားချိန် နည်းပါးမှုနဲ့ ပတ်သတ်ပြီး ဇီဒန်းကို လူသိရှင်ကြား ဝေဖန်ခဲ့သူပါ။

Photo Credit: Mirror

အစ္စကိုက စပိန် သတင်းဌာန တစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းဟာ သူ့ကို ပွဲထွက် ကစားခိုင်းရင် မိနစ် ၆၀ ဝန်းကျင်လောက်မှာ လူစားလဲလေ့ ရှိသလို လူစားဝင် ကစားသမား အဖြစ် အသုံးပြုရင်လည်း မိနစ် ၈၀မှသာ ဝင်ရောက် ကစားခိုင်းကြောင်း ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အစ္စကိုနဲ့ ဇီဒန်းတို့ရဲ့ ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ဖြစ်နေပြီး ရီးရဲလ်မက်ဒရစ် အသင်းကတော့ အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းကို အပြည့်အဝ ထောက်ခံထားကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Mirror သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ အစ္စကိုကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်ပါက ထွက်ခွာခွင့် ပေးသွားမှာ ဖြစ်ကြောင်းနဲ့ အစ္စကိုဟာ သူ့ရဲ့ အသင်းဖော်ဟောင်း ရိုဒရီဂွက်စ် ၊ နည်းပြဟောင်း အန်ဆလော့တီ တို့နဲ့အတူ အဲဗာတန် အသင်းမှာ ပြန်လည် ပူးပေါင်းချင်နေကြောင်း သိရပါတယ်။ မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနတွေကတော့ အဲဗာတန်အသင်းဟာလည်း အစ္စကိုသာ သူတို့ အသင်းထံ ပြောင်းရွှေ့လာချင်ပါက ခေါ်ယူဖို့ အသင့်ရှိနေပြီး အစ္စကို အတွက် ပြောင်းရွှေ့ကြေး ပေါင်၃၀သန်း ဝန်းကျင် သုံးစွဲနိုင်ကြောင်း ဖော်ပြထားကြပြီး ရီးရဲလ်မက်ဒရစ် အသင်းကလည်း အဆိုပါ ပမာဏကို လက်ခံဖွယ် ရှိကြောင်း အသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။