MySport Myanmar

စပိန် လက်ရွေးစင်အသင်းမှာ ပြန်လည် အရွေးခံရဖို့ မျှော်လင့်ထားတဲ့ အစ္စကို

ရီးယဲလ်ဘက်တစ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသလျက် ရှိနေတဲ့ စပိန် လက်ရွေးစင်ဟောင်း အစ္စကိုက သူ့အနေနဲ့ စပိန်အသင်းတွင် တစ်ကျော့ပြန် ပြန်လည် ရွေးချယ်ခံရဖို့ မျှော်လင့်ထားတယ်လို့ Marca သတင်းစာနဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

တစ်ချိန်တုန်းက ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုများစွာ ရယူခဲ့ဖူးတဲ့ အစ္စကိုဟာ ဒဏ်ရာ ပြသာနာတွေနဲ့ ကစားသမားဘဝ အဆုံးသတ်လုနီးပါးအထိ ဖြစ်ခဲ့ရပေမယ့်လည်း ဘက်တစ်အသင်းဆီ ရောက်ရှိလာချိန်မှာတော့ မထင်ထားလောက်အောင် ပြန်လည် တောက်ပလာခဲ့ပါတယ်။

Photo Credit : The Top Flight

အသက် (၃၁)နှစ်အရွယ်ရှိ ကွင်းလယ် တိုက်စစ်ကစားသမား အစ္စကိုဟာ ရီးယဲလ်ကနေ ဆီဗီလာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့်လည်း အသင်းအတွင်း အဆင်မပြေမှုတွေ ရှိခဲ့ရာကနေ လပိုင်းအကြာမှာပဲ စာချုပ် ဖျက်သိမ်းခဲ့ပါတယ်။

၂၀၂၂ ဒီဇင်ဘာလကတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ အစ္စကိုဟာ ယူနီယံဘာလင်အသင်းဆီ ပြောင်းရွှေ့ဖို့ လုပ်ဆောင်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပဲ နောက်ဆုံးမှာတော့ ဘက်တစ်အသင်းဆီသာ ရောက်ရှိခဲ့ပါတယ်။ အခုတော့ အစ္စကိုက ဘက်တစ်အတွက် ပြိုင်ပွဲစုံ (၁၃)ပွဲကစား (၃)ဂိုးသွင်း (၃)ဂိုးဖန်တီးပေးထားနိုင်သလို လာလီဂါ (၁၀)ပွဲအထိ ကစားထားရာမှာလည်း (၈)ပွဲမှာ တစ်ပွဲလုံး အကောင်းဆုံး ကစားသမားဆုပါ ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Football Espana

တကယ်တော့ အစ္စကိုဟာ ဆီဗီလာကို ရောက်ရှိနေချိန်မှာရော အသင်းလက်မဲ့ ဖြစ်နေချိန်မှာပါ သူ့အတွက် အခက်ခဲဆုံး အခြေအနေတွေကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပြီး အခုတော့ စိတ်ပိုင်းဆိုင်ရာ အသစ်တစ်ဖန် ပြောင်းလဲမှုတွေနဲ့ အခြေအနေဆိုးတွေကို အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့ပါတယ်။

ဘက်တစ်အသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရတဲ့ အစ္စကိုက ၂၀၁၉နောက်ပိုင်းကတည်းက ဝေးကွာနေတဲ့ စပိန် လက်ရွေးစင် ကစားသမားဘဝကို တစ်ကျော့ပြန် ပြန်လည် ပါဝင်ခွင့် ရရှိဖို့ပါ မျှော်လင့်ထားနေပါတယ်။ အစ္စကိုက စပိန်အသင်းအတွက် (၃၈)ပွဲ ကစားထားပြီး (၁၂)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Exit mobile version