ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ်ကစားသမား တစ်ဦး ဖြစ်တဲ့ အစ္စကို ကတော့ သူ့ကို ခနခန လူစားလဲတာကြောင့် နည်းပြ ဇီဒန်းကို စိတ်ပျက် ဒေါသ ထွက်နေပါတယ်။ စပိန် ကွင်းလယ်ကစားသမား အစ္စကို ဟာ စနေနေ့က ကစားခဲ့တဲ့ ဘာစီလိုနာ ကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာရော ၊ ချန်ပီယံလိဂ်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ရှက်တာဒိုးနက်နဲ့ ပွဲစဉ်မှာရော ပါဝင် ကစားခွင့် မရခဲ့ပါဘူး။ အသက် ၂၈ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ အစ္စကို ဟာ ဒီရာသီမှာ ပုံမှန် ပွဲထွက် ခွင့် မရရှိပဲ ပြတ်တောင်း ပြတ်တောင်းသာ ပါဝင်ခွင့် ရနေတာပဲ ဖြစ်ပါတယ်။ အစ္စကိုဟာ နွေရာသီမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပြီးနောက် လေးပွဲသာ ပါဝင် ကစားခွင့် ရရှိထားတာ ဖြစ်ပါတယ်။

Photo Credit: AS English

အဆိုပါအခြေအနေနဲ့ ပတ်သက်ပြီးတော့ အစ္စကို အနေနဲ့ ပျော်ရွှင် မနေတာ အသေအချာပါပဲ။ “ သူ ကျွန်တော့်ကို လူစားလဲတော့မယ် ဆိုရင် ပွဲကစားချိန် မိနစ် ၅၀ ဒါမှမဟုတ် ၆၀ လောက်မှာတင် လူစားလဲပစ်တယ်။ တစ်ခါတစ်လေဆို ပထမပိုင်းမှာတင် လဲပစ်တယ်။ သူ ကျွန်တော့်ကို ထည့်သွင်း ကစားခိုင်းတော့မယ်ဆိုရင်တော့ မိနစ် ၈၀ လောက်မှ ထည့်တယ် ” ဆိုပြီး ပြောဆိုထားပါတယ်။ အစ္စကို အနေနဲ့ ရီးရယ်မက်ဒရစ်နဲ့ ၇ နှစ်တာ ကာလ အတွင်း အသင်းမှာ ပါဝင် ကစားခွင့် ရလိုက် မရလိုက် ဖြစ်နေခဲ့ပြီးတော့ သုံးနှစ်ကြာအောင် ကွင်းလယ်မှာ နေရာ သိပ်မရခဲ့ပါဘူး။ ထိုအချိန်မှာ အစ်စကို အနေနဲ့ လာလီဂါမှာ ပွဲချိန်ပြည့် ကစားရတာ ၆ ပွဲပဲ ရှိသေးတာ ဖြစ်ပါတယ်။

Photo Credit: AS English

“ အနိုင်ရလဒ်ဆိုတာ နောက်တန်း ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုပါပဲ။ ကျွန်တော်တို့ ပြေးရတယ်။ ကျွန်တော်တို့ ခံစားရတယ်။ အဲ့ဒါက ရလဒ်ပဲ။ အဲ့ဒါက ကျွန်တော်တို့ တစ်ရာသီလုံး ထိန်းသိမ်းထားရမယ့် လမ်းကြောင်းပဲ။ အဆုံးသတ်မှာတော့ ဘောလုံးပွဲတစ်ပွဲမှာ မတူညီတဲ့ သဘောထားနဲ့ ပြင်းထန်မှု‌တွေ ရှိကြပါတယ်။ အသင်းအနေနဲ့ ပွဲအစ ကနေ အဆုံးထိ အကောင်းဆုံး ပုံစံ အနေအထားမှာ ရှိနေဖို့ လိုပါတယ် ” ဆိုပြီး ဆာဂျီယို ရာမို့စ်က ဘာစီလိုနာ နဲ့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ လာလီဂါမှာ ရမှတ် ၁၃ မှတ် ရရှိထားပြီး ဒုတိယ နေရာမှာ ရောက်ရှိနေပါတယ်။ လာမယ့် အင်္ဂါနေ့မှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲ အဖြစ် မိုချန်ဂလာဘက် နဲ့ ကစားသွားရမှာပဲ ဖြစ်ပါတယ်။