နယူးကာဆယ် ယူနိုက်တက်အသင်းရဲ့ ထိပ်တန်း တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်ကတော့ သူ့အသင်းကသာ ဒီရာသီမှာ Top 4 အတွင်း မဝင်နိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရမယ်ဆိုရင် နွေဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာသွားလိမ့်မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွယ် ဆွီဒင်လက်ရွေးစင် အီဆက်ခ်ဟာ ၂၀၂၂ခုနှစ်ကတည်းက ဆိုစီဒက်ကနေ နယူးကာဆယ်အသင်းဆီ ပေါင်(၆၃)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီအချိန်ကတည်းက အီဆက်ခ်က နယူးကာဆယ် တိုက်စစ်ပိုင်းအတွက် အားအထားရဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို လက်ရှိမှာဆိုရင်လည်း သူ့ကို ထိပ်တန်းအသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Football365

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက နယူးကာဆယ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၂၁)ဂိုးအထိတောင် သွင်းယူထားနိုင်တဲ့ အီဆက်ခ်ကို ဘာစီလိုနာ အာဆင်နယ် ချယ်လ်ဆီး လီဗာပူးလ် ပီအက်စ်ဂျီတို့က အတော်လေး စိတ်ဝင်စားနေခဲ့ပြီး ဒီရာသီထဲမှာဆိုရင်လည်း ပရီးမီးယားလိဂ်သွင်းဂိုး (၁၇)ဂိုးအထိ သွင်းထားပါသေးတယ်။

အခုလို နယူးကာဆယ်အတွက် ထူးရှယ် ခြေစွမ်းကောင်းတွေ ပြသလို့နေတဲ့ အီဆက်ခ်ရဲ့ အနာဂတ်ဟာ လှုပ်ခတ်နေရပြီး လာမယ့်နွေမှာ ဘာစီလိုနာ ဒါမှမဟုတ် ပရီးမီးယားလိဂ်က အာဆင်နယ် လီဗာပူးလ် တစ်သင်းသင်းဆီကို ပြောင်းရွှေ့သွားနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ မြင့်တက်လာခဲ့သလို နယူးကာဆယ်ကလည်း သူတို့ရဲ့ အဓိက ကစားသမားကို လက်လွတ်ရနိုင်ချေ ရှိနေပါတယ်။

Photo Credit : PSG Talk

နယူးကာဆယ်ဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၆)နေရာ ရပ်တည်လို့နေပြီး Top 4 နေရာနဲ့က (၂)မှတ်သာ ကွာဟနေပေမယ့် ဒီရာသီအတွင်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က အဆင့်(၇)နေရာက ဘုန်းမောက်အသင်းအထိ မျှော်လင့်ချက် ရှိနေတာကြောင့် အတော်လေး ခက်ခဲရဖွယ်လည်း ရှိနေပါတယ်။

တကယ်လို့ နယူးကာဆယ်အနေနဲ့ ဒီရာသီလိုပဲ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထပ်ပြီး လွဲချော်ရဦးမယ်ဆိုရင်တော့ အီဆက်ခ်ပါ နွေမှာ အသင်းကနေ ထွက်ခွာသွားနိုင်ပြီး သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ တစ်သင်းသင်းဆီကို ပြောင်းရွှေ့သွားနိုင်ပါတယ်။ အီဆက်ခ်ကို အခေါ်ယူချင်ဆုံး အသင်းကတော့ အာဆင်နယ်အသင်း ဖြစ်နေလို့ လာမယ့်ရာသီ အီဆက်ခ်ကို အာဆင်နယ်ဂျာစီနဲ့ မြင်တွေ့သွားရမလားဆိုတာ စောင့်ကြည့်ရပါမယ်။