ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစးသမား တစ်ဦးဖြစ်တဲ့ ဒန်းနစ် အာဝင် ကတော့ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်ယူထားတဲ့ ဘရာဇီးလ် ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ခိုင်းနှိုင်းကာ ချီးကျူး စကား ဆိုသွားခဲ့ပါတယ်။ အသက် ၂၇နှစ် အရွယ် ဘရာဇီးလ် နောက်ခံလူ တဲလက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး နေ့ရက်မှာမှ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ပြောင်းရွှေ့ လာခဲ့သူ ဖြစ်ပြီး အသင်းအတွက် ချန်ပီယံလိဂ်ပွဲစဉ် တစ်ပွဲ ပါဝင် ကစား ပေးထားသူပါ။

Photo Credit: Express

တဲလက်စ်ဟာ ပီအက်စ်ဂျီ အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပါဝင် ကစားပေးခဲ့သူ ဖြစ်ပြီး အသင်း အတွက် ပွဲချိန်ပြည့် ပါဝင် ကစားပေးခွင့် မရခဲ့ပေမယ့် သူ့ရဲ့ ဝေ့ဝိုက် ဖြတ်တင်ဘောတွေနဲ့ ပီအက်စ်ဂျီ အသင်းရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေး နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် မှာတော့ တဲလက်စ်ဟာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံခဲ့ ရတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပါဝင် ကစားပေးခွင့် မရတော့ပဲ ယခု တစ်ပတ်မှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဝက်စ်ဘရွန်း အသင်းတို့နဲ့ ပွဲစဉ်မှာ အသင်းအတွက် ပါဝင် ကစားပေးနိုင်ချေ ရှိနေပါတယ်။ အာဝင် ကတော့ တဲလက်စ်ရဲ့ တိကျတဲ့ ဖြတ်တင်ဘော ပေးပို့မှုတွေကို သဘောကျနေပြီး တဲလက်စ်ရဲ့ ဖြတ်တင်ဘောတွေဟာ ဘက်ခမ်းရဲ့ ဖြတ်တင်ဘောတွေနဲ့ ဆင်ကြောင်း ချီးကျူး သွားပါတယ်။

Photo Credit: Express

တဲလက်စ်ရဲ့ ဖြတ်တင်ဘော ပေးပို့မှုတွေနဲ့ ပတ်သတ်ပြီး အာဝင်က “ တည်ကန်ဘောတွေမှာ သူဟာ ကျွန်တော်တို့ အသင်းရဲ့ အဓိက အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာမယ် ဆိုတာ သံသယ ဝင်စရာ မလိုပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီလို ပြောတာက သူ့ကို ဒေးဗစ်ဘက်ခမ်းနဲ့ နှိုင်းယှဉ်တာတော့ မဟုတ်ပါဘူး။ သူဟာ ဘောလုံးကို အရှိန်ပြင်းပြင်းနဲ့ ဝေ့ဝိုက်အောင် ကန်နိုင်တဲ့ အံ့အားသင့်စရာ ဘယ်ခြေ တစ်ချောင်းကို ပိုင်ဆိုင် ထားပါတယ်။ သူ့ရဲ့ ပေးပို့မှုတွေဟာ ကျွန်တော်တို့ တိုက်စစ်မှူးတွေ သဘောကျမယ့် ပေးပို့မှုတွေပါပဲ” လို့ ချီးကျူး ပြောဆို သွားခဲ့တာလည်း ဖြစ်ပါတယ်။ တဲလက်စ်ဟာ အသင်းဟောင်း ပေါ်တိုအသင်းမှာ တည်ကန်ဘောတွေ ကန်သွင်းရာမှာ ကျွမ်းကျင်သူ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာရော တည်ကန်ဘော ကန်သွင်းသူ အဖြစ် သတ်မှတ် ခံရမလား ဆိုတာ စောင့်ကြည့် သွားရမှာပါ။