မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ဒန်းနစ် အာဝင်က လီဗာပူးလ် ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးရဲ့အသင်းဖော်တွေဆီ ဘောလုံးပေးပို့မှုတွေဟာ သူ့အသင်းဖော်ဟောင်းကြီး ဒေးဗစ် ဘက်ခမ်းရဲ့ ပေးပို့မှုတွေအတိုင်းပဲလို့ ခိုင်းနှိုင်း ပြောဆိုလာခဲ့ပါတယ်။

လီဗာပူးလ် အကယ်ဒမီထွက် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အာနိုးဟာ လီဗာပူးလ်အသင်းရဲ့ ခံစစ်ညာခြမ်းမှာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်သူ ဖြစ်သလို လက်ရှိအချိန်ထိလည်း အသင်းအတွက် သွင်းဂိုး(၂၁)ဂိုး သွင်းယူထားခဲ့သလို ဂိုးဖန်တီးမှုတွေကိုလည်း (၈၆)ကြိမ်အထိတောင် လုပ်ဆောင်ထားခဲ့ပါသေးတယ်။

Photo Credit : Caught Offside

အာနိုးရဲ့ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး ယူနိုက်တက်နဲ့ အိုင်ယာလန် ဘယ်နောက်ခံကစားသမားဟောင်းကြီး အာဝင်က “ထရန့် အလက်ဆန်းဒါး အာနိုးက ဘောလုံးပေးပို့မှုတွေ လုပ်ပြီဆိုရင် ဒေးဗစ် ဘက်ခမ်းအတိုင်းပါပဲ။ သေချာကြည့်လိုက်မယ်ဆိုရင် သူရဲ့ ပေးပို့မှုတွေက ကြည့်ဖူးသမျှ တခြားကစားသမားတွေထက် ပိုကောင်းမွန်ပါတယ်။”

“သူက ခံစစ်ပိုင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေပေမယ့် ဒါက အခုခေတ်ရဲ့ full-back တွေလိုပါပဲ။ ပြီးခဲ့တဲ့လတုန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားခဲ့တုန်းကလည်း သူတို့က အဲ့ဒီနေရာကို အာရုံစိုက်ခဲ့ပါတယ်။ သူ့အနေနဲ့ ကစားသမားဘဝ သက်တမ်းရင့်လာတာနဲ့အမျှ ပိုပြီးတော့ သင်ယူသင့်ပါတယ်။ ဒါဆိုရင် ခံစစ်ပိုင်းအတွက် ပိုကောင်းလာမှာပါ။ တိုက်စစ်ပိုင်းဆိုရင်တော့ သူက တိုက်စစ်ကစားရတာကို ကြိုက်နှစ်သက်တယ်။”

Photo Credit : Goal

“ခင်ဗျားက ထိပ်တန်းအသင်းတစ်သင်းအတွက် ကစားနေရတဲ့ ကစားသမားတစ်ဦး ဖြစ်နေမယ်ဆိုရင် ခင်ဗျားအနေနဲ့ ဘောလုံးအပေါ်မှာ အလွန်သက်တောင့်သက်သာရှိဖို့ လိုပါတယ်။ ထရန့်က အံ့သြစရာကောင်းလောက်အောင် တိုက်စစ်ကို ပံ့ပိုးပေးနေတာ။ ကိုင်း ဝေါ်လ်ကာကလည်း မန်ချက်စတာ စီးတီးခေတ်မှာ ထူးချွန်တဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့တယ်။”

“အန်ဒီ ရောဘတ်ဆန်ကလည်း လိမ္မာပါးနပ်ပြီးတော့ လီဗာပူးလ်မှာလည်း ကာလအတန်ကြာ ရှိနေခဲ့တယ်။ ဖူလ်ဟမ်မှာ ကစားနေတဲ့ လူငယ်ကစားသမားလေး အန်တိုနီ ရောဘတ်ဆန်ကလည်း ကစားအား အရမ်းကောင်းပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။