MySport Myanmar

ဒီလပ်ကို ယူနိုက်တက်နဲ့ လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးဖို့ အစ်ဆွစ်ခ်ျ ခွင့်ပြု

အစ်ဆွစ်ချ် တောင်းအသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူး လီယမ် ဒီလပ်ကို မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စတွေ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးဖို့အတွက် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဟာ အသင်းရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်ကို ဖြည့်တင်းဖို့အတွက် တိုက်စစ်မှူး အများအပြားကို ပစ်မှတ်ထားနေသလို အခုလည်း အသက်(၂၂)နှစ်အရွယ် အစ်ဆွစ်ချ် တိုက်စစ်မှူး ဒီလပ်ရဲ့အပြောင်းအရွှေ့အတွက် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit : FourFourTwo

အစ်ဆွစ်ချ်အသင်းကလည်း သူတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဒီလပ်ကို ၂၀၂၅-၂၆ ဘောလုံးရာသီအကြိုမှာ သူပြောင်းရွှေ့နိုင်ခြေရှိတဲ့ ကလပ်အသင်းရဲ့ အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လေ့လာဖို့နိုင်ဖို့အတွက် မန်ချက်စတာမြို့ကို ခရီးသွားခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်တို့ဟာ ဒီလပ်ကို ခေါ်ယူနိုင်ဖို့ ယုံကြည်မှုရှိနေပေမယ့် ချယ်လ်ဆီးအသင်းနဲ့တော့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။ ဒီလပ်ရဲ့ စာချုပ်မှာ ပေါင်သန်း(၃၀)တန် စာချုပ်ပါ လျော်ကြေးအချက်တစ်ခု ပါဝင်ပြီး အစ်ဆွစ်ချ်အသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားပြီးနောက် ဒီအချက်က အသက်ဝင်နေပြီ ဖြစ်ပါတယ်။ ဒီလပ်ကိုယ်တိုင်ကတော့ သူ့ရဲ့ရွေးချယ်စရာတွေကို အကဲဖြတ် သုံးသပ်ပြီး သူ့ရဲ့နောက်ထပ် ခြေဦးလှည့်မယ့် အသင်းကို အပြီးသတ် မဆုံးဖြတ်ခင် အချိန်အနည်းငယ်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Football365

တစ်ဖက်မှာလည်း ယူနိုက်တက်ဟာ ဝုလ်ဗ်အသင်းက ဘရာဇီးလ် တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာကို ခေါ်ယူဖို့လည်း အလွန်နီးစပ်နေပါပြီ။ ယူနိုက်တက်ဟာ ကူညာရဲ့ ပေါင်(၆၂.၅)သန်းတန် စာချုပ်ပါလျော်ကြေးကို ပေးချေဖို့ သဘောတူညီခဲ့ပြီး ဖြစ်ပေမယ့် ဒီငွေပမာဏ အပြည့်အစုံကို အရစ်ကျ သုံးကြိမ်ခွဲပြီး ပေးချေသွားဖွယ်ရှိကြောင်း သတင်းတွေအရ သိရပါတယ်။

လောလောဆယ်မှာတော့ နည်းပြ ရူဘင် အမိုရင်ရဲ့ ယူနိုက်တက်အသင်းဟာ ၂၀၂၄-၂၅ ရာသီရဲ့ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အာရုံစိုက်နေပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့ စပိန်နိုင်ငံ ဘီလ်ဘာအိုမြို့မှာ တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ရင် ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အုပ်စုအဆင့် နေရာတစ်နေရာကို အလိုအလျောက် အာမခံချက်ရရှိမှာ ဖြစ်ပါတယ်။

Exit mobile version