အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်ရဲ့ နည်းပြဖြစ်သူ အင်ဇာဂီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ သူတို့အသင်းကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တဲ့ ပြိုင်ဘက် လီဗာပူးဟာ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး အသင်းနှစ်သင်းထဲမှာ ပါဝင်ကြောင်း ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

အင်တာမီလန်နဲ့ လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်ကို အင်တာမီလန်ရဲ့ နာမည်ကျော် ဆန်စီရိုကွင်းထဲမှာ ယနေ့မနက် အစောပိုင်းမှာပဲ ယှဉ်ပြိုင် ကစားခဲ့ကြရာ ဧည့်သည် လီဗာပူးက အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဖာမီနို ၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့ပြီး နောက်တဆင့် တက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

Photo Credit: The Sun

အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် လီဗာပူးက အင်တာမီလန်ထက် ကစားပုံပိုင်း အသာစီး ရခဲ့သလို ကစားသမားတွေရဲ့ အရည်အသွေးကလည်း ကွာဟတာကြောင့် အဝေးကွင်းမှာ သက်တောင့်သက်သာ ကစားပြီး အနိုင်ရလဒ်နဲ့ အိမ်ပြန်နိုင်ခဲ့တာပါ။

အင်တာမီလန် ၀-၂ လီဗာပူး ပွဲပြီးဆုံးချိန်မှာတော့ အင်တာမီလန်နည်းပြ အင်ဇာဂီက လီဗာပူးဟာ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်း ရင်ဆိုင် ကစားခဲ့တဲ့ ပြိုင်ဘက်အသင်းတွေ အနက် အကောင်းဆုံးအသင်း ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပြီး လီဗာပူးနဲ့ အပတ်တိုင်း မကစားရတာကပဲ ကံကောင်းနေပါပြီလို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: The Sun

အင်ဇာဂီက – “ကျွန်တော်ကတော့ လီဗာပူးနဲ့ အပတ်တိုင်း မကစားရဖို့ပဲ မျှော်လင့်မိပါတယ်ဗျာ။ (ရယ်လျက်) ဒီနေ့ပွဲမှာ အသင်းရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး ကျေနပ် ပျော်ရွှင်မှု ရှိပါတယ်။ ကံမကောင်းတာ တခုက ကျွန်တော်တို့တွေ အကောင်းဆုံး ကစားနိုင်ခဲ့တဲ့ အခိုက်အတန့်တွေမှာ သွင်းဂိုးတွေ ရယူနိုင်ခြင်း မရှိခဲ့တာပါပဲ။ ကျွန်တော်တို့တွေ ဂိုးမသွင်းနိုင်တဲ့နောက် လီဗာပူးက ကျွန်တော်တို့ကို အပြစ်ပေးတော့တာပါပဲ။ ကျွန်တော်တို့က ဒီရလဒ်ထက် ပိုကောင်းတဲ့ ရလဒ်တခုနဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က အနာဂတ်မှာ ဒီထက် ပိုပြီး ကောင်းဖို့ လိုအပ်နေပါသေးတယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ လီဗာပူးက လက်ရှိ ဥရောပရဲ့ အကောင်းဆုံးအသင်း နှစ်သင်းထဲက တသင်းပါ” လို့ ချီးကျူးသွားခဲ့တာပါ။