အီတလီ စီးရီးအေရဲ့ လက်ရှိ ချန်ပီယံအသင်း ဖြစ်တဲ့ အင်တာမီလန်အသင်းရဲ့ နည်းပြဖြစ်သူ အင်ဇာဂီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ ပွဲစဉ်မှာ သူတို့အသင်းက အနိုင်ရခဲ့သင့်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အင်တာမီလန်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ယခုနှစ် စီးရီးအေပြိုင်ပွဲကို ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းနှစ်သင်း ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပွဲစဉ်ဟာ အတော်လေး ကြည့်ကောင်းခဲ့ပြီး အိမ်ရှင် အင်တာမီလန်အသင်း ကတော့ ပိုကောင်းတဲ့ ခြေစွမ်းတရပ်ကို ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: Sports Mole

အင်တာမီလန်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး အင်တာမီလန်အသင်း အတွက် သွင်းဂိုးကိုတော့ ပွဲကစားချိန် ၁၇မိနစ်မှာ တိုက်စစ်မှူး ဒီဇီကိုက သွင်းယူပေးခဲ့တာ ဖြစ်ကာ ဂျူဗင်တပ်အသင်း အတွက် အဖိုးတန် ချေပဂိုးကိုတော့ ပွဲကစားချိန် ၈၉မိနစ်မှာ အဓိက တိုက်စစ်မှူး ဒိုင်ဘာလာက ပင်နယ်တီ ကနေ တဆင့် သွင်းပေးခဲ့တာပါ။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ အင်တာမီလန်အသင်းရဲ့ နည်းပြဖြစ်သူ အင်ဇာဂီက သူတို့အသင်းရဲ့ ရလဒ်ပေါ် ကျေနပ်မှု မရှိကြောင်း ဝန်ခံသွားခဲ့သလို ဂျူဗင်တပ်အသင်းဟာ ပင်နယ်တီကြောင့်သာ မဟုတ်ရင် သူတို့အသင်းကို ဂိုးသွင်းယူနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောကြားသွားပါတယ်။

Photo Credit: Sports Mole

အင်ဇာဂီက – “ ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့ ဂိုးသွင်းခံရမယ့် တခုတည်းသော အခြေအနေက ပင်နယ်တီပါပဲ။ ကျွန်တော်တို့တွေ ပွဲစပွဲဆုံး သူတို့အသင်းကို လွှမ်းမိုး ကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း မပေးခဲ့ရပါဘူး။ ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရလို့ ကျွန်တော် မပျော်မရွှင် ဖြစ်နေပါတယ်။ ကွင်းလယ်ဒိုင်က ပင်နယ်တီ ဖြစ်ရပ်ကို ၆ပေလောက် အကွာကနေ ရှင်းရှင်းလင်းလင်း မြင်တွေခဲ့သူပါ။ အစပိုင်းမှာ သူက အေးဆေးပဲလို့ ပြောခဲ့ပေမယ့် ခဏကြာတော့ ပင်နယ်တီ ပေးလိုက်ပါတယ်။ ပရိသတ်တွေကိုတော့ တောင်းပန်ချင်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့တာပါ” လို့ ပြောကြားခဲ့တာပါ။