အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ရဲ့ နည်းပြချုပ် ဖြစ်သူ အင်ဇာဂီက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သူတို့အသင်း အတွက် အဓိက ခြိမ်းခြောက်မှု ဖြစ်လာမယ့် မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို တားဆီးနိုင်မယ့် နည်းလမ်းတွေကို ကြိုတင် စဉ်းစားထားကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပူပူနွေးနွေး ကိုပါအီတာလီယာ ချန်ပီယံ အင်တာမီလန်နဲ့ ပူပူနွေးနွေး အက်ဖ်အေချန်ပီယံ မန်ချက်စတာ စီးတီးတို့က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံနေကြပြီး သူတို့နှစ်သင်း ယှဉ်ပြိုင် ကစားကြမယ့် ဗိုလ်လုပွဲကိုတော့ ယနေ့ည ၁နာရီခွဲ အချိန်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Photo Credit: Mirror

အင်တာမီလန်နဲ့ မန်ချက်စတာ စီးတီး နှစ်သင်းစလုံးက လတ်တလောမှာ ခြေစွမ်းကောင်းတွေ ကိုယ်စီ ကိုယ်စီ ရရှိထားတဲ့ အသင်းတွေ ဖြစ်ကြပေမယ့် ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ချန်ပီယံ မန်ချက်စတာ စီးတီးက အင်တာမီလန်ထက် အနည်းငယ် ခြေပိုသာနေပါတယ်။

ဒါ့အပြင် မန်ချက်စတာ စီးတီးက မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တနှစ်အတွင်း ဖလား ၃လုံး ရယူနိုင်ခဲ့တဲ့ စံချိန်ကို လိုက်မှီနိုင်အောင် ကြိုးစားသွားဖို့ ရှိတာကြောင့် စိတ်ဓာတ်ပိုင်းမှာလည်း မန်ချက်စတာ စီးတီးက အင်တာမီလန်ထက် ပိုသာနိုင်ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ချက်စတာ စီးတီးက ဗိုလ်စွဲသွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းနေကြတာ ဖြစ်ပြီး အင်တာမီလန် နည်းပြချုပ် အင်ဇာဂီကတော့ သူတို့အသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်း မဟုတ်ပေမယ့် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်သလို မန်ချက်စတာ စီးတီးရဲ့ ဂိုးသွင်းစက် အာလင်း ဟာလန်းကိုလည်း တားဆီးပြမယ်လို့ ဆိုလာပါတယ်။

အင်ဇာဂီက – “ကျွန်တော်တို့ အားလုံးက အာလင်း ဟာလန်းဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်သလို မန်ချက်စတာ စီးတီးက အရည်အသွေးမြင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းကောင်း တသင်းမှန်း သိထားပါတယ်။ ကျွန်တော်တို့က အာလင်း ဟာလန်းကို လူကပ် ကစားဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မန်ချက်စတာ စီးတီးရဲ့ တခြား ကစားသမားတွေကိုလည်း စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ဟာလန်းအပြင် မန်ချက်စတာ စီးတီးရဲ့ တခြား ကစားသမားတွေကိုပါ တားဆီးနိုင်ဖို့ လိုပါတယ်။ မနက်ဖြန်မှာ ကွင်းလယ်ပိုင်းက ပွဲရဲ့ အဖြေကို အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တခြားဧရိယာတွေကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့က ပြေးလွှားနေရမယ်။ ပြီးတော့ စိတ်ရော ကိုယ်ပါ နှစ်ပြီး ကစားရမယ်။ ကျွန်တော်တို့က မနက်ဖြန်မှာ ခွန်အားအကုန် သုံးဖို့ လိုပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။