ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ ၂၀၂၁ခုနှစ်အတွင်း ဥရောပရဲ့ ထိပ်သီးလိဂ်(၅)ခုဖြစ်တဲ့ ပရီးမီးယားလိဂ် လာလီဂါ စီးရီးအေ ဘွန်ဒစ်လီဂါနဲ့ လီဂူးဝမ်းပြိုင်ပွဲတွေထဲကမှ ဘောလုံးစွမ်းဆောင်ရည်အကောင်းဆုံးသော ကစားသမားတစ်ယောက်အဖြစ် ရွေးချယ်သတ်မှတ်ခံလိုက်ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး ကစားသမားအဖြစ်ကတော့ ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက ရပ်တည်ခဲ့ပါတယ်။

Photo Credit : Market Watch

နာမည်ကြီး ဘောလုံးသုသေတနအဖွဲ့တစ်ခုဖြစ်တဲ့ International Centre for Sports Studies (CIES) ရဲ့ ထုတ်ပြန်ချက်တွေအရ ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီဟာ အခုနှစ် ၂၀၂၁ခုနှစ် နှစ်အစပိုင်းမှာ အတော်လေးကို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပြီး နောက်ဆုံးကစားထားခဲ့ရတဲ့ ပွဲစဉ်အထိ ပြိုင်ပွဲစုံမှာ အသင်းအတွက် သွင်းဂိုး(၁၉)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် CIES ကနေ မက်ဆီကို ရမှတ် (၉၂.၅)အထိ သတ်မှတ်ပေးထားပြီး သူရဲ့နောက် ဒုတိယနေရာမှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်ဂိုးသွင်းစက်ကြီး ရောဘတ်လီဝန်ဒေါစကီးက (၈၉.၅)မှတ်နဲ့ ရပ်တည်လို့နေပါတယ်။

Photo Credit : Bavarian Football Works

ဒီနှစ်ဘောလုံးရာသီမှာ ဥရောပရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ဖို့ အလားအလာ အကောင်းဆုံးဖြစ်လို့နေတဲ့ လီဝန်ဒေါစကီးဟာ ၂၀၂၁ခုနှစ်အတွင်း ကစားခဲ့ရတဲ့ ပြိုင်ပွဲစုံများအနက် သူရဲ့ဘိုင်ယန်အသင်းအတွက် သွင်းဂိုးစုစုပေါင်း (၂၂)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့နောက် တတိယနေရာမှာတော့ နည်းပြသစ် သောမတ်စ်တူဟယ်လ်လက်အောက်မှာ ပုံမှန်နေရာ ရလာခဲ့တဲ့အပြင် အသင်းရဲ့ကွင်းလယ်ပိုင်းကိုပါ အကောင်းဆုံးမောင်းနှင်နေတဲ့ ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုက တည်ရှိနေပြီး သူက ၂၀၂၁ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး နံပါတ်တစ်ကစားသမားလည်း ဖြစ်လို့နေပါတယ်။ Big (5) Leagues တွေရဲ့ စတုတ္ထမြောက် စွမ်းဆောင်ရည်အမြင့်ဆုံး ကစားသမားနေရာမှာ မန်စီးတီးအသင်းရဲ့ ပေါ်တူဂီ နောက်ခံကစားသမား ရူဘင်ဒီယက်ဇ် ရှိနေသလို ပဥ္စမနေရာမှာလည်း ဒီယက်စ်ရဲ့ ပေါ်တူဂီအသင်းဖော်ဖြစ်တဲ့ ဂျုဗင်တပ်စ် တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒို ရှိလို့နေပါတယ်။ ရော်နယ်ဒိုကတော့ အီတလီစီးရီးအေပြိုင်ပွဲရဲ့ စွမ်းဆောင်မှုအကောင်းဆုံးစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေတာလည်းဖြစ်ပါတယ်။