စီးရီးအေ အင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန်အသင်းဟာ အီတလီနိုင်ငံ မှာ ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ယခုတစ်ပတ် ကြားရက်မှာ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်ကို ပရိသတ်မပါပဲ ကစားမယ် လို့ တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ တရုတ်နိုင်ငံ ဝူဟန့်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့လူကို အီတလီနိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ရက်က ရှာဖွေတွေ့ရှိအပြီးမှာတော့ အီတလီနိုင်ငံအစိုးရဟာ ဗိုင်းရပ်စ်ကို မလိုလားအပ်ပဲ မပြန့်ပွားစေဖို့ စတင်ထိန်းချုပ်နေပါတယ်။

Photo Credit: Metro.com

ကိုရိုနာဗိုင်းရပ်စ်ဟာ လေထုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာကြောင့် အီတလီ အာဏာပိုင်တွေက အီတလီစီးရီးအေဘောလုံးပွဲကို ရပ်နားမှာမဟုတ်ပေမယ့် ပရိသတ်မပါပဲ ကစားစေမယ်လို့ ဆုံးဖြတ်ထားခဲ့ကြပါတယ်။ မီလန်မြို့ ဆန်စီရိုကွင်းမှာ ကစားရမယ့် အင်တာမီလန်အသင်းနဲ့ လူဒိုဂရက်အသင်းတို့ရဲ့ ပွဲစဉ်က အဆိုပါ ပရိသတ်မပါပဲ ကစားမယ့်အစီအစဉ်ကို ပထမဦးဆုံး အသက်သွင်းတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာဖြစ်ပြီး ယခုတစ်ပတ် စီးရီးအေပွဲတွေမှာ အဆိုပါအစီအစဉ်ကို စတင်ပြီး လုပ်ဆောင်ရမယ်လို့လည်း အာဏာပိုင်တွေက ကြေညာထားခဲ့ကြပါတယ်။

Photo Credit: Metro.com

ပရိသတ်မပါပဲ ကစားမယ့် ယူရိုပါလိဂ်ပွဲနဲ့ ပတ်သတ်ပြီး အင်တာမီလန်အသင်းရဲ့ ထုတ်ပြန် ကြေညာမှုမှာတော့ လွန်ဘာဒီဒေသရဲ့ ကျန်းမာရေးလိုအပ်ချက်အရ UEFAရဲ့ သဘောတူညီမှုနဲ့အတူ ကြာသပတေးနေ့မှာ လူဒိုဂရက်အသင်းနဲ့ ကစားရမယ့်ပွဲကို ပရိသတ်တွေမပါပဲ ကစားမှာ ဖြစ်တယ်လို့ ပါဝင်ပါတယ်။ ဆန်စီရိုမှာ ကစားရမယ့် အဆိုပါပွဲစဉ်ဟာ အင်တာမီလန်အသင်း အတွက် အခက်အခဲသိပ်ရှိလာမှာ မဟုတ်ပဲ ပထမအကျော့မှာ လူဒိုဂရက်အသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် ဒီပွဲမှာလည်း အင်တာမီလန်အသင်းကပဲ အသာစီးရကာ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင် မှာပါ။