အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ ဥရုဂွေး ဝါရင့် တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၅နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး အက်ဒီဆန် ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၃လကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်သလို ရာသီကုန်ရင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Gazetta

ကာဗာနီဟာ ပီအက်စ်ဂျီကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် အဓိကကျတဲ့ သွင်ဂိုးတချို့ကို သွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းဘက်က သူ့ကို မရှိမဖြစ် ကစားသမား တဦး အဖြစ် မသတ်မှတ်ခဲ့သလို သူ့ရဲ့ ကျောနံပါတ်၇ကိုလည်း အသင်းဖော်သစ် ရိုနယ်ဒိုထံ လွှဲပြောင်းပေးခဲ့တာကြောင့် အသင်းနဲ့ စာချုပ်သစ် ထပ်မချုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လက်ရှိမှာတော့ စပိန်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ် အပါအဝင် ဥရောပရဲ့ အင်အားကြီးအသင်း တချို့က ကာဗာနီကို ကာလတို စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ စတင် ချိတ်ဆက်လာကြပြီး တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတဲ့ အီတလီ စီးရီးအေကလပ် အင်တာမီလန်ကပါ ကာဗာနီကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Metro သတင်းဌာနက ဆိုပါတယ်။

Photo Credit: Gazetta

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Gazetta သတင်းဌာနရဲ့ ဖော်ပြချက် အရလည်း အင်တာမီလန်ဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး ဒီဇီကိုရဲ့ နေရာအတွက် ကာဗာနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ကာဗာနီကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။