အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က ချယ်လ်ဆီးကနေ တရာသီအငှားနဲ့ ခေါ်ယူထားတဲ့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ရိုမီလု လူကာကူကို နောက်ထပ် တရာသီ ထပ်မငှားတော့ပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ချယ်လ်ဆီးဆီ ပြန်လည် စေလွှတ်တော့မယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူက ၂၀၂၁ခုနှစ်ကမှ အင်တာမီလန် ကနေ ချယ်လ်ဆီးဆီ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးဆီ တကျော့ပြန် ပြန်လည် ရောက်ရှိကာစမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အသင်းနည်းပြ တူဟယ်လ်နဲ့ ဆက်ဆံရေး အဆင်မပြေတော့တာကြောင့် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ လူကာကူက ယခုနှစ် ဘောလုံးရာသီ အစမှာ ချယ်လ်ဆီးကနေ အသင်းဟောင်း အင်တာမီလန်ထံ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့ပြီး အင်တာမီလန်ဆီ ရောက်ရှိလာချိန်မှာ ခြေစွမ်းကောင်းတွေ ပြန်ရလာမယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းခဲ့ရတာကြောင့် ထင်ထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပါဘူး။

လူကာကူက ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန်အတွက် ပြိုင်ပွဲစုံမှာ ၅ပွဲသာ ပါဝင် ကစားပေးထားနိုင်ပြီး သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။ လူကာကူရဲ့ စွမ်းဆောင်ရည်က လက်ခံလို့ ရတဲ့ အနေအထားမျိုးမှာ ရှိပေမယ့် အင်တာမီလန်ရဲ့ တာဝန်ရှိသူတွေက သူ့ရဲ့ ကြံ့ခိုင်မှုအနေအထားနဲ့ ပတ်သတ်ပြီး စိုးရိမ်နေကြပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Transfersရဲ့ ဖော်ပြချက်အရ အင်တာမီလန်ရဲ့ ဘုတ်အဖွဲ့မှာ ပါဝင်တဲ့ တာဝန်ရှိသူ အများစုက လူကာကူကို အသင်းမှာ ဆက်မထားဖို့ ဆန္ဒရှိနေကြပြီး လူကာကူကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ချယ်လ်ဆီးဆီ ပြန်လွှတ်ဖို့ တိုင်ပင်ထားကြတယ်လို့ သိရပါတယ်။

တဖက်မှာတော့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာက သူနဲ့ တခါမှ လက်မတွဲဖူးသေးတဲ့ လူကာကူနဲ့ လက်တွဲကာ အလုပ်လုပ်ဖို့ စဉ်းစားထားပေမယ့် အကယ်၍ လူကာကူကသာ သူ့ရဲ့ ကစားကွက်နဲ့ အံမဝင်ခဲ့ရင် ရောင်းချကာ တိုက်စစ်မှူး အသစ် ဝယ်ပေးဖို့ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေထံ တင်ပြထားကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။