အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်က သူတို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ချယ်လ်ဆီး တိုက်စစ်မှူး ရိုမီလု လူကာကူကို တရာသီအငှားနဲ့ ခေါ်ယူဖို့ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်တော့မယ်လို့ နာမည်ကြီး သတင်းဌာန အများစုက တညီတညွတ်ထဲ ဖော်ပြသွားပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ယခုနှစ် ဘောလုံးရာသီ အစကမှ အင်တာမီလန်ကနေ ချယ်လ်ဆီးထံ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၁၃သန်းနဲ့ ပြောင်းရွှေ့လာခဲ့ကာ ချယ်လ်ဆီးနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

လူကာကူက ချယ်လ်ဆီးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပိုင်ရှင် ဖြစ်နေပေမယ့် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းမျိုးတွေ ပြသနိုင်ခြင်း မရှိသလို အသင်းရဲ့ နည်းပြဖြစ်သူ တူဟယ်လ်နဲ့လည်း ဆက်ဆံရေး အဆင်မပြေ ဖြစ်နေသူပါ။

လက်ရှိအချိန်မှာတော့ လူကာကူက ချယ်လ်ဆီးနဲ့အတူ ဆက်လက် ရှိနေဖို့ထက် လာမယ့်ရာသီကို အသင်းဟောင်း အင်တာမီလန်နဲ့အတူ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားပြီး အင်တာမီလန်ကိုလည်း သူ့ကို ခေါ်ယူပေးဖို့နဲ့ သူ့ဘက်က အင်တာမီလန်ဆီ ပြန်လာနိုင်ဖို့ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ဖို့ ရှိနေတယ်လို့ အသိပေးထားကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက ဖော်ပြထားပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးဘက်ကလည်း အသင်းရဲ့နည်းပြ တူဟယ်လ်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ လူကာကူကို ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပေမယ့် အင်တာမီလန်က လူကာကူကို အပြီးသတ် ခေါ်ယူဖို့ မတတ်နိုင်သေးတာကြောင့် တရာသီအငှား + ရာသီကုန်ရင် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ အပြီးသတ် ခေါ်ယူဖို့သာ စဉ်းစားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးနဲ့ အင်တာမီလန်တို့က လာမယ့် ရက်ပိုင်း အတွင်းမှာ လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးဖို့ စီစဉ်ထားပြီး ချယ်လ်ဆီးဘက်က လူကာကူကို တရာသီအငှားနဲ့ စေလွှတ်ဖို့ ဆန္ဒရှိနေသလို အင်တာမီလန်ရဲ့ ကစားသမား တချို့ကိုပါ အပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်း တရပ် အဖြစ် ထည့်သွင်း ဆွေးနွေးဖို့ပါ စီစဉ်ထားကြောင်း သိရပါတယ်။