အီတလီ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ အင်တာမီလန်အသင်းဟာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အဂူရိုကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတယ် လို့ အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၂နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုဟာ မန်စီးတီးအသင်းထံကို ၂၀၁၁ခုနှစ်ကတည်းက ရောက်ရှိခဲ့သူ ဖြစ်ပြီး ဆယ်စုနှစ် တစ်စုနီးပါး ကြာအောင် မန်စီးတီး အသင်းမှာ ကစားခဲ့ကာ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ် ခံထားရသလို ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Express

အဂူရိုဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် ကာလရှည် ရှိနေခဲ့ပေမယ့် ရှောင်လွှဲလို့ မရတဲ့ ဇရာကြောင့် လက်ရှိမှာတော့ မကြာခဏဆိုသလို ဒဏ်ရာ ရရှိနေပြီး မန်စီးတီးအသင်း ကတော့ သူ့ရဲ့ နေရာမှာ အစားထိုး ဝင်ရောက် ကစားနိုင်မယ့် တိုက်စစ်မှူး တစ်ဦးကို စတင် ရှာဖွေနေပါပြီ။ အဂူရိုနဲ့ မန်စီးတီး အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရလည်း လာမယ့် ၂၀၂၁ခုနှစ် ဇွန်လအကုန််မှာ အဂူရိုဟာ မန်စီးတီးအသင်း ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာ ဖြစ်ပြီး လက်ရှိမှာတော့ အင်တာမီလန်အသင်းဟာ အဂူရိုကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ လုပ်နေကြောင်း သိရပါတယ်။

Photo Credit: Express

အီတလီ အခြေစိုက် သတင်းဌာနတစ်ခု ဖြစ်တဲ့ Calcio Mercato သတင်းဌာနရဲ့ အဆိုအရ အင်တာမီလန် အသင်းဟာ နည်းပြဖြစ်သူ ကွန်တီရဲ့ တောင်းဆိုချက်ကြောင့် အဂူရိုကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး အဂူရိုကလည်း အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ အင်တာမီလန် အသင်းဟာ လက်ရှိမှာ လူကာကူ ၊ မာတီနက်စ် ၊ ဆန်းချက် စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင် ထားပေမယ့် မာတီနက်စ်ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေတာကြောင့် အဂူရိုကို ခေါ်ယူဖို့ လှုပ်ရှားလာတာ ဖြစ်ပြီး အဂူရိုကို ဇန်နဝါရီလ အပြောင်းအရွှေ့ထက် ယခုနှစ် ဘောလုံးရာသီ ကုန််ဆုံးချိန်မှသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖွယ် ရှိပါတယ်။