အင်တာမီလန်အသင်းကတော့ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ကစားသမားတချို့ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ဒီကစားသမားတွေထဲမှာ ဝါရင့်တောင်ပံတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ အိုင်ဗန်ပါရီဆစ်လည်း ပါဝင်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။ အင်တာဟာ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း အနည်းငယ်သာ ကျန်ရှိတော့တဲ့ ပါရီဆစ်ကို ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းဝန်းကျင်လောက်နဲ့ လာမယ့်နွေစျေးကွက်အတွင်းမှာပဲ ရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၃၂)နှစ်အရွှယ်ရှိ ခရိုအေးရှား ဘယ်တောင်ပံကစားသမား ပါရီဆစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကမှ ဝုလ်ဖ်ဘတ်အသင်းကနေ အင်တာမီလန်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကတော့ ဘိုင်ယန်မြူးနစ်အသင်းဆီကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့သူလည်းဖြစ်ပါတယ်။ ပါရီဆစ်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၂ခုနှစ် ဇွန်လ(၃၀)ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် အင်တာဘက်က ပါရီဆစ်ကို လာမယ့်နွေစျေးကွက်မှာပဲ Cut-priece နဲ့ ရောင်းချသွားဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Inter.it

ပါရီဆစ်ကို ပြီးခဲ့တဲ့ဆောင်းစျေးကွက်အတွင်းကပဲ အဲဗာတန်အသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့် အင်တာအသင်းဘက်ကနေ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး ကစားသမားကို အသင်းမှာပဲ ဆက်ထိန်းသွားခဲ့ပါတယ်။ ဒါပေမယ့် အင်တာဘက်က ပါရီဆစ်ကို စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိတော့တဲ့အပြင် မကြာခင်မှာ ကစားသမားကလည်း အသင်းနဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးရဖို့အတွက် နွေစျေးကွက်အတွင်းမှာပဲ ယူရို(၁၀)သန်းခန့်နဲ့ ရောင်းထုတ်သွားချင်နေတာဖြစ်ပါတယ်။ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ ပါရီဆစ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ပါရီဆစ်ကိုယ်တိုင်ကလည်း ကစားသမားဘဝကို အဆုံးမသတ်ခင် သူလုံးဝမကျင်လည်ဖူးသေးတဲ့ အင်္ဂလန်မြေမှာ သွားရောက်ကစားဖို့ စိတ်ဝင်စားလို့နေပါတယ်။ အင်တာဘက်ကတော့ ပါရီဆစ်အပြင် ကိုလာရော့ အက်ရှ်လေယန်းတို့ကိုပါ အသင်းကနေ ရောင်းထုတ်သွားဖို့ပါ စီစဉ်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။