ဒိန်းမတ်အသင်းနဲ့ ဖင်လန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရို-၂၀၂၀ အုပ်စုပွဲစဉ်အတွင်းမှာ ဒိန်းမတ်အသင်းအတွက် ပါဝင်ကစားပေးရင်းနဲ့ ပထမပိုင်း ပွဲကစားချိန် ပြီးခါနီးမှာ နှလုံးအမောဖောက်ပြီး ကွင်းအတွင်း လဲကျသွားခဲ့ရတဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ဟာ သူရဲ့နှလုံးပြသာနာကြောင့် ဘောလုံးသမားဘဝကို ကျောခိုင်းရဖွယ် ရှိနေတာကြောင့် သူရဲ့ကလပ်အသင်း အင်တာမီလန်ဟာလည်း အဲရစ်ဆင်နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ကစားသမားသစ်တစ်ယောက်ကို အလိုရှိနေပါတယ်။

Photo Credit : AP News

စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းဟာ သူတို့ရဲ့ ကစားသမား အဲရစ်ဆင်ရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် သူတို့ရဲ့မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တူရကီကွင်းလယ်ကစားသမား ချာဟာနိုဂလူးကို ပစ်မှတ်ထားနေတဲ့အပြင် သူတို့အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စတွေ အတော်လေး ဖြစ်ပေါ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်ကိုပါ စိတ်ဝင်စားလျက်ရှိနေပါတယ်။

Photo Credit : Red Devil Armada

အသက်(၂၄)နှစ်အရွှယ်သာရှိသေးတဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေခဲ့ရသလို ပွဲစဉ်အများစုမှာ ပွဲထွက်ကစားသမားအဖြစ် မပါဝင်ခဲ့ရပဲ အရန်ကစားသမားအဖြစ်နဲ့ အချိန်ကုန်နေရတာကြောင့် သူရဲ့ယူနိုက်တက်ကစားသမားဘဝ အနာဂတ် အနေအထားတွေက မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ပေါ့ဘာ ဖာနန်ဒက်စ် ဖရက်ဒ် တွမ်မီနေးတို့လို ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမားတွေလောက် အသင်းမှာ နေရာမရတဲ့ ဗန်ဒယ်ဘိခ်ကို ဥရောပအသင်းပေါင်းများစွာကနေ စောင့်ကြည့်လျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ အင်တာမီလန်ပါ ပါဝင်လာခဲ့ပါတယ်။ အီတလီစီးရီးအေပြိုင်ပွဲရဲ့ ချန်ပီယံအသင်း အင်တာမီလန်က ယခင်ကလည်း ယူနိုက်တက်အသင်းကနေ လူကာကူ ဆန်းချက်ဇ်နဲ့ အက်ရှ်လေယန်းတို့လို ကစားသမားတွေကို ခေါ်ယူခဲ့ဖူးသလို အခုလည်း ဗန်ဒယ်ဘိခ်ကို ခေါ်ယူချင်နေတာကြောင့် ဆက်သွယ်မှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အီတလီသတင်းမီဒီယာ Calciomercato ရဲ့ ဖော်ပြချက်အရ အင်တာဟာ ဗန်ဒယ်ဘိခ်ကို တစ်ရာသီအငှားစာချုပ်နဲ့ အငှားသက်တမ်းပြည့်ချန် အပြီးသတ်ခေါ်ယူနိုင်ခွင့်တို့နဲ့သာ ကမ်းလှမ်းလာနိုင်တယ်လို့ ဖော်ပြထားခဲ့ပြီး ယူနိုက်တက်ဘက်ကတော့ ဗန်ဒယ်ဘိခ်ကို ရောင်းချသွားဖွယ် မရှိပဲ ပိုမိုနေရာပေးဖွယ်သာ ရှိနေပါတယ်။