စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်း ကနေ ရိုးမားအသင်းထံ အငှားနဲ့ လာရောက် ကစားကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဗဟိုနောက်ခံလူ ခရစ် စမောလင်းကို ခေါ်ယူဖို့ အတွက် ပြင်ဆင်နေတယ်လို့ အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် ၃၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ အင်္ဂလန် ခံစစ်မှူး စမောလင်းဟာ မန်ယူအသင်းရဲ့ သက်တော်ရှည် ကစားသမား တစ်ဦး ဖြစ်ပေမယ့် နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ် စီမံကိန်းတွေထဲမှာ မပါဝင်တော့တာကြောင့် ယခုနှစ် နွေစျေးကွက်အတွင်းမှာ အသင်းပြောင်းဖို့ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။

 

Photo Credit: Metro

ပြီးခဲ့တဲ့ လတုန်းကတော့ ရိုးမားအသင်းဟာ စမောလင်းကို ခေါ်ယူဖို့အတွက် ချိတ်ဆက်ကာ ကြိုးစားခဲ့ပေမယ့် မန်ယူအသင်းက တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၀ သန်းကို ပေးချေဖို့ ဆန္ဒမရှိတာကြောင့် စမောလင်းနဲ့ ရိုးမားအသင်းရဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်ခဲ့ရတာပါ။ အီတလီ အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Calcio Mercato ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ စမောလင်းကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာတဲ့ အသင်းထဲမှာ အင်တာမီလန်အသင်း ပါဝင်လာပြီး အင်တာမီလန်အသင်းဟာ စမောလင်းအတွက် မန်ယူအသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၀ သန်းကို ပေးချေဖို့ ဆန္ဒမရှိပေမယ့် ကစားသမား အလဲအထပ် လုပ်ချင်နေတယ် လို့ သိထားရပါတယ်။

Photo Credit: Metro

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အင်တာမီလန်အသင်းဟာ ကွင်းလယ်လူ ဂျာအို မာရီယို ၊ ကွင်းလယ်လူ ဘရိုဇိုဗစ်နဲ့ တောင်ပံတိုက်စစ် ကစားသမား ပါရီတစ်တို့ သုံးဦးထဲက တစ်ဦးနဲ့ စမောလင်းကို အလဲအထပ် ပြုလုပ်ချင်နေပြီး အဆိုပါ ကစားသမား သုံးဦးထဲမှာ ပါရီဆစ်ဟာ မန်ယူအသင်းရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရရှိနေတဲ့ ကစားသမား ဖြစ်ကြောင်း သိရှိရပါတယ်။ မန်ယူအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ တောင်ပံတိုက်စစ် ကစားသမား တစ်ဦးကို ခေါ်ယူချင်နေပြီး ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ အတွက် အဆင်မပြေ ဖြစ်နေတဲ့အချိန်မှာ ပါရီဆစ်ဟာ သူတို့အသင်းရဲ့ အစားထိုး ပစ်မှတ် ဖြစ်လာနိုင်ကာ မန်ယူအသင်းဟာ စမောလင်းနဲ့ ပါရီဆစ်တို့ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်နိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။