အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အင်တာမီလန်က ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီး ကနေ တရာသီအငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး လူကာကူကို နောက်ထပ် တရာသီ ထပ်ငှားဖို့ စိတ်ဝင်စားနေပြီး မကြာခင်မှာပဲ ချယ်လ်ဆီးနဲ့ လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ညှိနှိုင်းတော့မယ်လို့ သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ အင်တာမီလန်ကို စီးရီးအေ ချန်ပီယံ ဖြစ်အောင် ကူညီပေးခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက အင်တာမီလန်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်ပဲ ၂၀၂၁ခုနှစ် နွေဈေးကွက်မှာ အင်တာမီလန် ကနေ အသင်းဟောင်း ချယ်လ်ဆီးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၁၃သန်းနဲ့ ပြန်လည် ပြောင်းရွှေ့ခွင့် ရခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် လူကာကူက ချယ်လ်ဆီးနဲ့ အကျိုးပေး မကောင်းပဲ သူဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ချယ်လ်ဆီး အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၅ဂိုးသာ သွင်းယူနိုင်ခဲ့သလို ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့လည်း အဆင်မပြေခဲ့တာကြောင့် ယခုနှစ် ဘောလုံးရာသီ အစမှာ အင်တာမီလန်ဆီ တရာသီအငှားနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့ပါတယ်။

လူကာကူက သူ့ရဲ့ အောင်မြေ ဖြစ်တဲ့ အီတလီမြေဆီ ပြန်ရောက်ချိန်မှာ ခြေစွမ်းကောင်းတွေ ပြန်ရဖို့ မျှော်လင့်ခဲ့ပေမယ့် သူက ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းနေရပြီး အင်တာမီလန် အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲသာ ပါဝင် ကစားပေးထားနိုင်သလို သွင်းဂိုးကလည်း ၂ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အင်တာမီလန်က လူကာကူကို ရာသီကုန်ရင် ချယ်လ်ဆီးဆီ ပြန်ပို့တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ ဂေဇက်တာ သတင်းဌာနရဲ့ ဖော်ပြချက်အရ အင်တာမီလန်က လူကာကူကို နောက်ထပ် ၁ရာသီ အငှားနဲ့ ထပ်မံ ခေါ်ယူချင်နေပြီး လူကာကူအတွက် မကြာခင်မှာပဲ ချယ်လ်ဆီးနဲ့ တွေ့ဆုံကာ ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးက လူကာကူကို နောက်ထပ် ၁ရာသီ အငှားနဲ့ ထပ်မံ စေလွှတ်ဖို့ထက် အပြီးသတ် ရောင်းချဖို့သာ စိတ်ဝင်စားနေတာကြောင့် အင်တာမီလန်ဟာ လူကာကူကို အငှားနဲ့ ထပ်ခေါ်ချင်ရင် အငှားကာလ ပြီးဆုံးပါက မဖြစ်မနေ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ အချက်ကို ထည့်သွင်း ချုပ်ဆိုရန် လိုအပ်နိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။