ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ ပိတ်သိမ်းသွားခဲ့ပြီဖြစ်တဲ့ နွေရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်အတွင်း စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီကို ခေါ်ယူသွားဖို့အတွက် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့်လည်း အောင်မြင်ခြင်းမရှိခဲ့သလို သူတို့အသင်းရဲ့ ဒိန်းမတ်ကွင်းလယ်ကစားသမားဖြစ်တဲ့ ခရစ္စတီယန်အဲရစ်ဆင်နဲ့ပါ အလဲအထပ်သဘောမျိုးအဖြစ် ကန်တီကို ထပ်မံကမ်းလှမ်းခဲ့သေးပေမယ့် ချယ်လ်ဆီးဘက်ကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit : talkSPORT

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားကန်တီဟာ ဒီနွေစျေးကွက်အတွင်းမှာ ချယ်လ်ဆီးကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့သူဖြစ်ပြီး ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကိုယ်တိုင် ကန်တီထက် ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်ကို အစားထိုးအသုံးပြုချင်နေတာဖြစ်ပါတယ်။ ဒီလို အနာဂတ်မရေမရာဖြစ်နေတဲ့ ကန်တီကို ချယ်လ်ဆီးနည်းပြဟောင်း အန်တိုနီယိုကန်တီ ကိုင်တွယ်လို့နေတဲ့ အင်တာမီလန်အသင်းကနေ ခေါ်ယူဖို့အတွက် အထူးစိတ်ဝင်စားခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် ချယ်လ်ဆီးနဲ့အင်တာကြားမှာ သဘောတူညီချက် တစုံတစရာတောင် မရယူနိုင်ခဲ့လို့ အပြောင်းအရွှေ့က အထမမြောက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Sempreinter

နာမည်ကျော် အီတလီသတင်းမီဒီယာတစ်ခုဖြစ်တဲ့ CalcioMercato.com ကနေ ဖော်ပြလာခဲ့တာကတော့ အင်တာမီလန်အသင်းဟာ ကန်တီကို အသင်းဆီကို အရခေါ်ယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ စပါးအသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်နဲ့ အလဲအထပ်သဘောမျိုးနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်လ်ဆီးဘက်က ဒီကမ်းလှမ်းချက်ကို ချက်ချင်းပယ်ချသွားခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ အဲရစ်ဆင်ကို အသင်းကန ပြန်လည်ရောင်းချသွားချင်နေပြီး နွေစျေးကွက်အတွင်းမှာလည်း ကမ်းလှမ်းချက်တွေကို နားစွှင့်ထားခဲ့ပေမယ့် ဘယ်အသင်းကမှ အဲရစ်ဆင်ကို မကမ်းလှမ်းလာခဲ့တာကြောင့် အသင်းမှာပဲ ဆက်လက်ထားရှိရတော့မှာဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ အသင်းဟောင်းစပါးမှာ အရမ်းကို ခြေစွမ်းကောင်းတွေ ပြသခဲ့သူဖြစ်ပေမယ့်လည်း အင်တာမှာတော့ နည်းပြကွန်တီရဲ့ ကစားကွက်ထဲမှာ အံ့ဝင်အောင် ကစားနိုင်ဖို့ ရုန်းကန်နေရတာဖြစ်လို့ ကန်တီကိုယ်တိုင်ကပါ အဲရစ်ဆင်နဲ့ လမ်းခွဲချင်နေတာဖြစ်ပါတယ်။ အင်တာအသင်းဟာ ဒီနွေစျေးကွက်ထဲမှာတော့ ဗီဒယ် ဟာခီခီ ဒါမီယန် ကိုလာရော့တို့ကို ခေါ်ယူထားခဲ့ပြီး အသင်းကလည်း စီးရီးအေ(၂)ပွဲဆက်တိုက် သွင်းဂိုးများစွာနဲ့ အနိုင်ရထားခဲ့ပါတယ်။