အင်တာမီလန်အသင်းရဲ့ နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီကတော့ အင်တာကို ကိုင်တွယ်ချိန်ကတည်းက ပရီးမီးယားလိဂ် ကစားသမားတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ယူလျက်ရှိနေပြီး လာမယ့်စျေးကွက်အတွင်းမှာလည်း ပရီးမီးယားလိဂ် ကြယ်တစ်ပွင့်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကို ခေါ်ယူချင်နေပြီး ယူနိုက်တက်ဘက်ကနေ စိတ်ဝင်စားနေတဲ့ နောက်ခံလူ ရှကရီညာကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့ အလိုက်ပေးကမ်းလှမ်းဖွယ် ရှိနေပါတယ်။

Photo Credit : FotMob

ကွန်တီဟာ အင်တာကို နည်းပြအဖြစ် ကိုင်တွယ်ချိန်ကနေစတင်ပြီး ပရီးမီးယားလိဂ် ကစားသမားများဖြစ်တဲ့ လူကာကူ အက်ရှ်လေယန်း အလက်ဆစ်ဆန်းချက် အဲရစ်ဆင် မော့ဆက်စ်တို့လို ကစားသမားတွေကို တသီတသန်းကြီး ခေါ်ယူထားခဲ့တာဖြစ်သလို နောက်ထပ်လည်း ပရီးမီးယားလိဂ် ကြယ်ပွင့်တွေကို ဆက်လက်ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ လက်ရှိမှာလည်း ကွန်တီဟာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ကို ခေါ်ယူသွားချင်နေပြီး ကမ်းလှမ်းရာမှာလည်း အသင်းသားတစ်ယောက်ကိုပါ အလိုက်ပေးကမ်းလှမ်းဖွယ် ရှိနေတယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : American Reporter

၂၀၁၅ခုနှစ်ကမှ မိုနာကိုကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ မာစီယဲလ်ဟာ ယူနိုက်တက်အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား အက်အေဖလားနဲ့ လိဂ်ဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၂၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြနိုင်နေတဲ့ မာစီယဲလ်ကို အင်တာမီလန်ဘက်ကနေ အထူးစိတ်ဝင်စားလို့နေပြီး ခေါ်ယူဖို့အတွက်လည်း ကြိုးပမ်းလုပ်ဆောင်ဖွယ်ရှိနေပါတယ်။ လက်ရှိမှာ မာစီယဲလ်ရဲ့တန်ကြေးက ယူရိုသန်း(၆၀)လောက်အထိ ရှိနေတာကြောင့် ပြောင်းရွှေ့ကြေးကို လျှော့ချစေနိုင်ဖို့အတွက် ယူနိုက်တက်ဘက်ကနေ စိတ်ဝင်စားလို့နေတဲ့ ဗဟိုနောက်ခံကစားသမား ရှကရီညာကို အလိုက်ပေးပြီး မာစီယဲလ်ကို ခေါ်ယူဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းဘက်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတစ်ယောက်ကို အလွယ်တကူ ရောင်းထုတ်သွားမှာမဟုတ်တာကြောင့် အင်တာအနေနဲ့ မာစီယဲလ်ကို ခေါ်ယူနိုင်ဖို့က အရမ်းခက်ခဲနိုင်ပြီး တခြားသော တိုက်စစ်မှူးတွေကိုပဲ ခေါ်ယူရဖွယ် ရှိနိုင်ပါတယ်။