စီးရီးအေရဲ့ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းဟာ လက်ရှိအချိန်မှာ အသင်းနဲ့ လမ်းခွဲပြီး ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကစားဖွယ် ရှိလို့နေတဲ့ အဓိက တိုက်စစ်ကစားသမား လူကာကူရဲ့နေရာအတွက် ရိုးမားအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အီဒင်ဒီဇီကိုနဲ့ အတ္တလန်တာအသင်းရဲ့ တိုက်စစ်ကစားသမား ဇာပါတာတို့ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ Sky Sports Italia သတင်းမီဒီယာကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Italy 24 News

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ အခု နွေစျေးကွက်အတွင်းမှာပဲ သူရဲ့ကလပ်အသင်းဟောင်း ချယ်လ်ဆီးအသင်းဆီ ရောင်းချသွားရဖွယ် ရှိလို့နေတဲ့အတွက် သူ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် စီးရီးအေ တိုက်စစ်ကစားသမား(၂)ဦးကို ပစ်မှတ်ထားလို့နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အင်တာဘက်ကနေ ရိုးမားတိုက်စစ်မှူး ဒီဇီကိုနဲ့ အတ္တလန်တာတိုက်စစ်မှူး ဇာပါတာတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ကိုလံဘီယာတိုက်စစ်ကစားသမား ဇာပါတာကိုတော့ အဓိကပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Photo Credit : 90Min

အင်တာမီလန်အသင်းဟာ တိုက်စစ်ကစားသမား လူကာကူကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နွေစျေးကွက်ကတည်းက ယူရိုသန်း(၈၀)နဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ (၂)ရာသီအထိ ဖြတ်သန်းခဲ့ပြီးနောက်မှာ ပြီးခဲ့တဲ့ရာသီအတွင်း အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။ လူကာကူဟာ အင်တာမှာ ပါဝင်ကစားခဲ့တဲ့ ဘောလုံးရာသီ (၂)ရာသီအတွင်းမှာ အသင်းအတွက် စုစုပေါင်းသွင်းဂိုး (၆၄)ဂိုးအထိတောင် သွင်းယူပေးနိုင်ခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်လည်း ဖြစ်ခဲ့တာကြောင့် သူ့ကို အသင်းကနေ မထွက်ခွာသွားစေချင်ပေမယ့် အင်တာအသင်းပိုင်ရှင်တွေကတော့ လူကာကူကို အသင်းကနေ ရောင်းချသွားချင်နေသလို လူကာကူကိုယ်တိုင်ကလည်း သူ့အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင် ချယ်လ်ဆီးအသင်းဆီ သူ့ကို ရောင်းချသွားဖို့ အင်တာကို တိုက်တွန်းလို့ထားပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အတွက် အင်တာအသင်းဘက်က တိုက်စစ်မှူးကစားသမားသစ်တွေကို ပြန်လည်ခေါ်ဆောင်ချင်နေတာဖြစ်ပြီး စီးရီးအေရဲ့ နာမည်ကျော် တိုက်စစ်မှူးဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက စီးရီးအေသွင်းဂိုး (၁၅)ဂိုးအထိ သွင်းယူထားနိုင်တဲ့ ဇာပါတာကို အဓိကပစ်မှတ်ထားနေရတာလည်း ဖြစ်ပါတယ်။