အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန် အသင်းဟာ သူတို့အသင်းရဲ့ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ကို ပီအက်စ်ဂျီ အသင်းရဲ့ ကွင်းလယ်လူ ပါရီဒက်စ် ၊ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူ ဇာကာတို့ နှစ်ဦးထဲက တစ်ဦးနဲ့ အလဲအထပ် လုပ်ဖို့ ဆန္ဒရှိနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင် ကွင်းလယ်လူ အဲရစ်ဆင်ဟာ ယခုနှစ် ဇန်နဝါရီလ ကမှ ပရီးမီးယားလိဂ် ကလပ် စပါးအသင်း ကနေ အင်တာမီလန် အသင်းထံကို ပြောင်းရွှေ့ကြေး ယူရို ၂၄သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့သူပါ။

Photo Credit: Express

ဒါပေမယ့် အဲရစ်ဆင်ရဲ့ အင်တာမီလန် ကစားသမားဘဝဟာ ထင်ထားသလို ချောမွေ့ခြင်း ရှိမနေပဲ သူဟာ အင်တာမီလန် အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီနဲ့ ကတောက်ကဆတွေ ဖြစ်ခဲ့သလို ကွန်တီရဲ့ နည်းစနစ်နဲ့ အံဝင်အောင် ကစားနိုင်ခဲ့ခြင်း မရှိတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။ အင်တာမီလန် အသင်းကလည်း နည်းပြ ကွန်တီရဲ့ နည်းစနစ်နဲ့ အံဝင်ခြင်း မရှိတဲ့ အဲရစ်ဆင်ကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းချသွားမှာ ဖြစ်ပြီး လတ်တလောမှာတော့ အဲရစ်ဆင်ကို ပြောင်းရွှေ့ကြေး ပေးကာ ခေါ်ယူမယ့် အသင်း ရှိမနေတာကြောင့် ကစားသမား အလဲအထပ် ပုံစံနဲ့ပဲ အပြောင်းအရွှေ့ကို ပြုလုပ်ရဖွယ် ရှိကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ အဲရစ်ဆင်ကို ခေါ်ယူဖို့ အတွက် ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ၊ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့က စိတ်ဝင်စား နေကြပေမယ့် အဲရစ်ဆင်ကို အမှန်တကယ် ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ အာဆင်နယ် အသင်းတို့သာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ အဲရစ်ဆင်ရဲ့ အနေအထားကို လေ့လာတဲ့ အနေအထားမှာသာ ရှိသေးတာကြောင့် အင်တာမီလန် အသင်းဟာ အဲရစ်ဆင်ကို ပီအက်စ်ဂျီ အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ် ကစားသမား ပါရီဒက်စ် (သို့) အာဆင်နယ် အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ဇာကာတို့ နှစ်ဦးထဲက တစ်ဦးနဲ့ အလဲအထပ် လုပ်ချင်နေပြီး ဇာကာဟာ ဖြစ်နိုင်ချေ အရှိဆုံး ကစားသမား ဖြစ်ကြောင်း ဥရောပ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။