မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က တကယ်လို့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ အင်တာအသင်း နဲ့ မန်ယူအသင်းတို့ တွေ့ဆုံကစားရရင် မန်ယူ ကစားသမားဟောင်းတွေ ဖြစ်တဲ့ လူကာကူ၊ ဆန်းချက် နဲ့ အက်ရှလေယန်းတို့က လက်စားချေချင်ကြလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ လူကာကူဟာ မန်ယူအသင်းမှာ (၂) နှစ်ခန့်ကြာ ကစားပြီးနောက် ပွဲထွက်ခွင့် နဲ့ နေရာ မရခဲ့တဲ့ အတွက်ကြောင့် အင်တာမီလန်အသင်းကို ပေါင် (၇၄) သန်းနဲ့ ပြောင်းရွှေ့သွားလိုက်တာ ဖြစ်ပြီး မန်ယူအသင်းမှာ ကစားခဲ့စဉ်က ပြိုင်ပွဲစုံ (၉၆) ပွဲမှာ သွင်းဂိုးပေါင်း (၄၂) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

လူကာကူဟာ အင်တာမီလန်အသင်းကို ရောက်ရှိသွားခဲ့တဲ့ အချိန်မှာ အင်တာအသင်းအတွက် ပထမဆုံး ပွဲစဉ် (၄၉) ပွဲ ကစားထားပြီးရာမှာ (၃၁) ဂိုး သွင်းယူနိုင်ခဲ့ပြီး လေဗာကူဆင်အသင်းကို (၂-၁) နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာလည်း ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ မန်ယူအသင်းက ဆီဗီလာအသင်းကို အနိုင်ယူပြီး အင်တာအသင်းက ရှက်တာဒိုးနတ်အသင်းကို အနိုင်ရမယ် ဆိုရင် သူတို့နှစ်သင်းက ယူရိုပါလိဂ် ဗိုလ်လုပွဲ ကစားရမှာကြောင့် ဘာဘာတော့ဗ်က လူကာကူအနေနဲ့ လက်စားချေချင်မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal 

Betfair မှာ ဘာဘာတော့ဗ်က “လူကာကူက ကျွန်တော့်အတွက် စိတ်ပူစရာပါပဲ။ သူက အင်တာအသင်းအတွက် လက်ရှိရာသီမှာ သွင်းဂိုး (၂၃) ဂိုး သွင်းယူခဲ့ပြီး ဒါက ကြီးမားတဲ့ အောင်မြင်မှုပါ။ ကျွန်တော် သူ့ကို ကစားသမား တစ်ဦးအနေနဲ့ သဘောကျတယ်လို့ အမြဲတမ်း ပြောနေခဲ့ပါတယ်။ သူက ပွဲထွက်ခွင့်ရတယ် ဆိုရင် ဂိုးတွေ သွင်းပါတယ်။ သူက မြန်ဆန်ပြီး အားကောင်းပါတယ်။ တနင်္လာနေ့က သူ့ရဲ့ သွင်းဂိုး ဆိုရင် မယုံနိုင်စရာ ဖြစ်ပါတယ်။ သူက ဘယ်အသင်းအတွက်မဆို အန္တရာယ်ပါပဲ။ အင်တာအသင်းမှာ ဆန်းချက် နဲ့ အက်ရှလေယန်တို့လည်း ရှိနေပါတယ်။ သူတို့က မန်ယူအကြောင်းကို ကောင်းစွာသိပါတယ်။ တကယ်လို့ သူတို့ကသာ မန်ယူအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ်မှာ ကစားရမယ် ဆိုရင် သူတို့တွေ လက်စားချေချင်နေကြပါလိမ့်မယ်။ မန်ယူအသင်းက ထွက်သွားခွင့်ပြုတာ မှားတယ် ဆိုတာ ပြချင်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။