အင်တာမီလန်အသင်းကို စပွန်ဆာပေးထားတဲ့ ကမ္ဘာကျော် အီတလီနိုင်ငံအခြေစိုက် တာယာကုမ္မဏီကြီးတစ်ခုဖြစ်တဲ့ Pirelli ကတော့ သူတို့နဲ့ အကျိုးတူပူးပေါင်းထားတဲ့ အင်တာမီလန်အသင်းအနေနဲ့ အနာဂတ်အခြေအနေတွေ လှုပ်ခတ်နေတဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို အလိုရှိနေတယ်ဆိုရင် သူတို့ဘက်ကနေ တတ်နိုင်သလောက် ကူညီပေးသွားနိုင်တယ်လို့ Pirelli အမှုဆောင်ချုပ် ထရွန်ချက်တီက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမားမက်ဆီဟာ ဘာစီလိုနာနည်းပြဆယ်တီယန်နဲ့ အဆင်မပြေဖြစ်နေတဲ့အပြင် အသင်းအတွင်း ဖြစ်ပွားနေတဲ့ ပြသာနာတွေကြောင့် စိတ်ပျက်လို့နေပြီး အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ၂၀၂၁ခုနှစ်မှာပဲ ဘာစီလိုနာကနေ ထွက်ခွာတော့မယ်ဆိုကာ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို အသင်းနဲ့ လက်တွဲဖြုတ်တော့မယ်လို့ သတင်းထွက်လာခဲ့တဲ့ မက်ဆီကို အင်တာမီလန်အသင်းကနေ ပစ်မှတ်ထားလို့နေပြီး အပြောင်းအရွှေ့ဖြစ်လာအောင် အင်တာရဲ့စပွန်ဆာကုမ္မဏီဖြစ်တဲ့ Pirelli ကနေ ကူညီသွားမယ်လို့ သိရှိရပါတယ်။

Photo Credit : Jurnal Patroil News

Pirelli အမှုဆောင်ချုပ် ထရွန်ချက်တီက “အရိုးသားဆုံးပြောရရင် အခုလို စီးပွားရေးကပ်ဆိုက်နေချိန်မှာ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲအတွက်ရော အင်တာမီလန်အသင်းအတွက်ပါ ကျွန်တော်တို့ဘက်ကနေ ရင်းနှီးမြှပ်နှံမှုတွေ အများကြီးမလုပ်ဆောင်နိုင်ပါဘူး။ လောလောဆယ်မှာတော့ အသင်းက စိတ်ဝင်စားနေတဲ့ မက်ဆီကိစ္စနဲ့ပတ်သက်ပြီး အသင်းပိုင်ရှင်ကတော့ ပိုလုပ်ဆောင်နိုင်မှာပါ။ ကျွန်တော်တို့ကတော့ ကူညီနိုင်ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကိစ္စတစ်ခုလုံး အထမြောက်လာဖို့အထိတော့ အစအဆုံး မတတ်နိုင်သေးပါဘူး” လို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီရဲ့အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ဥက္ကဌဖြစ်သူဘာတိုမြူကတော့ မက်ဆီက အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ်လို့ ယုံကြည်လျက်ရှိနေပြီး မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာမှာပဲ ကစားသမားဘဝကို အဆုံးသတ်ချင်တယ်လို့ ခဏခဏ ပြောဆိုခဲ့ဖူးတာကြောင့် ဘာစီလိုနာကနေ ထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။