အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အိုနာနာအတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချကာ ပြောင်းရွှေ့ကြေး တိုးပေးဖို့ တောင်းဆိုလိုက်ကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သက်တော်ရှည် ဂိုးသမား ဒီဂီယာနဲ့ စာချုပ်သက်တမ်း မတိုးဖြစ်တဲ့နောက် သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာ အတွက် အင်တာမီလန် ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က သူ့ရဲ့ တပည့်ဟောင်းလည်းဖြစ် ၊ အင်တာမီလန်ရဲ့ အဓိက ဂိုးသမားလည်း ဖြစ်တဲ့ အိုနာနာကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူချင်နေသလို အိုနာနာကလည်း ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အိုနာနာအတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု အဖြစ် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း + အပိုဆုကြေး ယူရို ၅သန်းနဲ့ အင်တာမီလန်ထံ နှုတ်အားဖြင့် ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။

Photo Credit: Football 365

အင်တာမီလန်က အိုနာနာရဲ့ ဆန္ဒအတိုင်း အိုနာနာကို မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းချဖို့ ပြင်ဆင်ထားပေမယ့် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး ရမှသာ အိုနာနာကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး အင်တာမီလန်က အိုနာနာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကျော် လိုချင်နေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အင်တာမီလန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုနာနာ အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု ဖြစ်တဲ့ ယူရို ၄၅သန်းတန် ကမ်းလှမ်းမှုကို လက်မခံခဲ့ပဲ အိုနာနာအတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း အထိ လိုချင်တယ်လို့ ပြန်လည် အကြောင်းကြားခဲ့ကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက်က အိုနာနာ အတွက် ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။