MySport Myanmar

အင်္ဂလန်ကို ပြန်ဖွယ်ရှိနေတဲ့ မစ်ခီတာရန်ကို စပါးနဲ့ဗီလာတို့က စိတ်ဝင်စားလို့နေ

တချိန်က မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲဖူးတဲ့ အာမေနီးယား ကွင်းလယ်ကစားသမား ဟင်းနရစ်မစ်ခီတာရန်ဟာ လာမယ့်နွေမှာ ရိုးမားအသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး အင်္ဂလန်ကို ပြန်သွားဖို့ ဆန္ဒရှိနေတာကြောင့် သူ့ကို တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပြီး စီးရီးအေကလပ် အင်တာမီလန်ကလည်း ခေါ်ယူချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၃၃)နှစ်အရွှယ်ရှိ ဒေါ့မွန်ကစားသမားဟောင်းကြီး မစ်ခီတာရန်ဟာ လက်ရှိမှာ နည်းပြမော်ရင်ဟိုနဲ့အတူ ရိုးမားအသင်းမှာ ပါဝင်ကစားနေရတာဖြစ်ပြီး ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၄၃)ပွဲအထိကို ပါဝင်ကစားထားခဲ့ရသလို (၅)ဂိုးသွင်း (၉)ဂိုးထိကို ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ မစ်ခီတာရန်ဟာ ရိုးမားရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပေနေပေမယ့်လည်း လာမယ့် ဇွန်လ(၃၀)ရက်နေ့မှာပဲ သူရဲ့လက်ရှိစာချုပ်က သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မှာဖြစ်ပြီး (၃)နှစ်နီးပါးလောက် ကျင်လည်ခဲ့ဖူးတဲ့ အင်္ဂလန်ကို ပြန်သွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Eurosport

အာဆင်နယ်ကနေ ရိုးမားအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့လာရာကနေ အငှားစာချုပ်ပြည့်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ အပြီးသတ် ပြောင်းရွှေ့လာခဲ့တဲ့ မစ်ခီတာရန်ဟာ ရိုးမားအတွက် ဘောလုံးရာသီ (၃)ရာသီထိ ပါဝင်ကစားခဲ့ပြီး (၁၁၆)ပွဲထိ ကစားနိုင်ခဲ့ကာ သွင်းဂိုးစုစုပေါင်း (၂၉)ဂိုး သွင်းယူပေးခဲ့ပါတယ်။ ရှက်တာဒိုးနက် ဒေါ့မွန် ယူနိုက်တက် အာဆင်နယ်နဲ့ ရိုးမားအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရှိ ကွင်းလယ်ကစားသမားကြီး မစ်ခီတာရန်ကို ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ စပါးနဲ့ ဗီလာအသင်းတို့က စိတ်ဝင်စားနေကြပြီး ဒီအသင်းနှစ်သင်းလုံးကလည်း ကွင်းလယ်ပိုင်းတွေ အားဖြည့်ဖို့ လိုအပ်နေတဲ့ အသင်းတွေဖြစ်လို့ မစ်ခီတာရန်လို ဝါရင့်ကွင်းလယ်လူတစ်ဦးကို အရခေါ်ယူသွားချင်နေပါတယ်။ ကွင်းလယ်တိုက်စစ် နောက်ချန်တိုက်စစ်နဲ့ တောင်ပံတွေမှာပါ လိုက်ပါကစားတတ်သူဖြစ်တဲ့ မစ်ခီတာရန်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေသာမကပဲ စီးရီးအေကလပ် အင်တာမီလန်ကပါ စိတ်ဝင်စားနေပြီး တကယ်လို့ မစ်ခီတာရန်သာ အီတလီမှာသာ ဆက်လက်ရှိနေချင်တယ်ဆိုရင် အင်တာဘက်က မစ်ခီတာရန်ကို ကမ်းလှမ်းမှုတွေ သေချာပေါက် ပြုလုပ်လာနိုင်တယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာ Calciomercato ကနေ ဖော်ပြထားခဲ့ပါတယ်။

Exit mobile version