ယနေ့မနက် အစောပိုင်းမှာတော့ ကိုရိုနာ ဗိုင်းရပ်နဲ့ ပတ်သတ်ပြီး ဘောလုံးလောက တစ်ခုလုံးကို လှုပ်ခါသွားစေတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ် လာခဲ့ပါတယ်။ အဲ့ဒါကတော့ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ ရူဂါနီဟာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံထားရပြီ ဆိုတဲ့ သတင်းပါ။ အဆိုပါ သတင်းကို ရူဂါနီကိုယ်တိုင်က ပြောဆိုလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဂျူဗင်တပ် အသင်းတစ်သင်းလုံးက အီတလီနိုင်ငံရဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို ခံယူနေရပြီး အသင်းရဲ့ ကစားသမားတွေ အကုန်လုံးရော ၊ နည်းပြအဖွဲ့ဝင်တွေ အားလုံးပါ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရဖို့အတွက် ရာခိုင်နှုန်းများပြားနေပါတယ်။

Photo Credit: Tuttosport.com

ကိုရိုနာဗိုင်းရပ်ဟာ လေကနေတဆင့် ကူးစက်နှုန်း မြင့်မားတဲ့ ရောဂါတစ်ခုဖြစ်ကာ လက် ၊ ခြေထောက် စတဲ့ နေရာတွေကနေလည်း တဆင့် ကူးစက်နိုင်ချေရှိတာကြောင့် လက်ရှိမှာတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဂျူဗင်တပ်အသင်း နဲ့ စီးရီးအေလက်ကျန်ပွဲစဉ်တစ်ပွဲကို ကစားထားရတဲ့ အင်တာမီလန်အသင်းကပါ ဆေးစစ်မှုတွေကို ခံယူနေရပါတယ်။ လက်ရှိအချိန်အထိတော့ ဘယ်သူတွေက ကူးစက်ခံထားရပြီး ဘယ်သူတွေက မကူးစက်ခံထားရဘူးလဲဆိုတာကို သေချာမသိရသေးပေမယ့် အင်တာမီလန် အသင်းဘက်ကတော့ လက်ရှိရာသီမှာ ယှဉ်ပြိုင် နေဆဲ ပြိုင်ပွဲတွေအားလုံးကနေ နုတ်ထွက်လိုက် ပြီ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

Photo Credit: Tuttosport.com

 

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရနိုင်ချေတွေနဲ့ ပတ်သတ်ပြီး အင်တာမီလန်အသင်းက လက်ရှိ ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲအားလုံးကနေ နုတ်ထွက်ခဲ့တဲ့အကြောင်းကို လူမှုကွန်ယက် စာမျက်နှာတွေကနေ တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး အီတလီ PFAအသင်းရဲ့ ဥက္ကဌ တော်မက်ဆီကလဲ အခုလိုလုပ်ရပ်ဟာ မှန်ကန်မှု ရှိတယ်လို့ ထောက်ခံသွားခဲ့ပါတယ်။ လက်ရှိမှာ အီတလီနိုင်ငံ ကိုရိုနာဗိုင်းရပ်ရဲ့ ဒဏ်ကို အလူးအလဲ ခံစားနေရပြီး ယခုနှစ် အီတလီစီးရီးအေ ဘောလုံးရာသီကိုလည်း တရားဝင် ဖျက်သိမ်းဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ လက်ရှိမှာတော့ စီးရီးအေပြိုင်ပွဲကို ယာယီဖျက်သိမ်းထားခဲ့ပြီး ပြိုင်ပွဲကိုသာ ဖျက်သိမ်းလိုက်ပါက ယခု လက်ရှိ ရှိနေတဲ့ အမှတ်ပေးဇယားတစ်ခုလုံးဟာ အကြုံးဝင်တော့မှာ မဟုတ်ပဲ လာမယ့်ရာသီမှာ လက်ရှိရှိနေတဲ့ အသင်းနှစ်ဆယ်စလုံးက ရာသီသစ်ကို ယှဉ်ပြိုင်ရမှာပါ။