ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း သွင်းဂိုးများစွာ သွင်းယူခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့အပြင် အသင်းနဲ့ပါ စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့တာကြောင့် ထိပ်တန်းကလပ်အသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လာခဲ့ရတဲ့ တိုက်စစ်မှူး လူကာကူအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၂၀)အထိ အင်တာမီလန်အသင်းဘက်ကနေ သတ်မှတ်ထားကြောင်း နာမည်ကျော် အီတလီ သတင်းမီဒီယာ Tuttosport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား လူကာကူဟာ ၂၀၁၉ခုနှစ်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီကို ယူရိုသန်း(၈၀)ခန့်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူတစ်ခါမှ မကျင်လည်ဖူးသေးတဲ့ အီတလီစီးရီးအေမှာ အလျင်အမြန် အထိုင်ကျခဲ့ကာ (၂)ရာသီဆက်တိုက် ပြိုင်ပွဲစုံသွင်းဂိုး (၃၀)ကျော်အထိ သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာလည်း အသင်းကို စီးရီးအေချန်ပီယံဖြစ်အောင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Deeper Sport

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ လူကာကူကို သူရဲ့ကလပ်အသင်းဟောင်း ချယ်လ်ဆီးအပါအဝင် မန်စီးတီးအသင်းတို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတွေကိုလည်း လုပ်ဆောင်လာဖွယ် ရှိနေတဲ့အတွက် အင်တာမီလန်ဘက်ကနေ အခုလို လူကာကူရဲ့တန်ကြေးကို သတ်မှတ်လိုက်ရတာ ဖြစ်ပါတယ်။ အင်တာအသင်းဘက်ကတော့ အသင်းအတွက် အရေးပါလွန်းတဲ့ ကစားသမားတစ်ဦးကို လုံးဝ လက်မလွတ်သွားချင်နေပေမယ့် မဖြစ်မနေသာ ရောင်းချရမယ်ဆိုရင်လည်း လူကာကူကို စျေးပေါပေါနဲ့ ရောင်းချနိုင်မှာ မဟုတ်သလို ပေါင်သန်း(၁၂၀)နဲ့ ကမ်းလှမ်းမှသာ လက်ခံစဉ်းစားသွားမယ်လို့ သိရှိရပါတယ်။ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အီတလီ အမှတ်ပေးချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လည်း အသင်းအတွင်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် အသင်းကို ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြကွန်တီနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ အပေါ်မှာလည်း ကစားသမားတွေက အသင်းတာဝန်ရှိသူတွေကို မကျေမနပ် ဖြစ်နေကြတယ်လို့ သိရှိရပါတယ်။ အင်တာဟာ ကွန်တီရဲ့နေရာမှာ လာဇီယိုနည်းပြဟောင်း ဆီမြွန်နီအင်ဇာဂီနဲ့ ပြန်လည်အစားထိုး ခန့်အပ်ထားလျက် ရှိပါတယ်။