အင်တာမီလန်အသင်းကတော့ ချယ်လ်ဆီးအသင်းကနေ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ် ကစားသမား လူကာကူကို အပြီးသတ် ပြန်လည် ခေါ်ယူနိုင်ဖို့အတွက် ယူရို သန်း (၃၀)နဲ့ နောက်တစ်ကြိမ် ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့တယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

အင်တာကနေ ချယ်လ်ဆီးအသင်းဆီကို ပေါင် (၉၇)သန်းနဲ့ ပြောင်းရွှေ့ပြီး နောက်တစ်ရာသီမှာပဲ အင်တာဆီကို တစ်ရာသီ အငှားနဲ့ ပြန်လည် ရောက်ရှိလာခဲ့တဲ့ လူကာကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အင်တာမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ကစားသမားကိုယ်တိုင်ရော အသင်းဘက်ကပါ အငှားကနေ အပြီးသတ်သာ ဖြစ်စေချင်နေတဲ့အတွက် အပြီးသတ် အပြောင်းအရွှေ့ ဖြစ်လာဖို့ကို ကြိုးပမ်းလျက် ရှိနေပါတယ်။

Photo Credit : Reuters

လူကာကူ ကိုယ်တိုင်ကလည်း အင်တာနဲ့ အငှားစာချုပ်ပြည့်ချိန်မှာတောင် သူရဲ့ မူလ ကလပ်အသင်း ချယ်လ်ဆီးနဲ့ ပြန်လည် ပူးပေါင်းသွားဖို့ ဆန္ဒမရှိသလို လူကာကူအတွက် ဆော်ဒီကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ချယ်လ်ဆီးဘက်က လက်ခံ စဉ်းစားသွားဖို့ ရှိနေသည့်တိုင် လူကာကူကတော့ ဆော်ဒီကို ပြောင်းရွှေ့ဖို့ ငြင်ဆန်းထားပြီး ဥရောပမှာသာ သူရဲ့ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းလိုနေပါတယ်။

Photo Credit : Sempreinter

အခုတော့ အင်တာမီလန်ဘက်က လူကာကူအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုအဖြစ် ယူရို သန်း (၃၀)နဲ့ ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်ထားပြီး လူကာကူ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ထားဖို့အတွက် ချယ်လ်ဆီး နဲ့ အင်တာမီလန်တို့ဟာ လာမယ့် နာရီပိုင်းအတွင်းမှာပဲ တွေ့ဆုံ ဆွေးနွေးကြဖို့လည်း ရှိနေတယ်လို့ ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။