လက်ရှိအချိန်ထိ စာချုပ်သက်တမ်း တိုးမြှင့်သွားမယ့်ဖို့အတွက် လိပ်ခဲတည်းလည်း ဖြစ်လို့နေရတဲ့ ပေါ်လိုဒီဘားလားနဲ့ သူရဲ့ ကလပ် ဂျုဗင်တပ်စ်အသင်းတို့ရဲ့ အခြေအနေတွေကို စီးရီးအေပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းကနေ စောင့်ကြည့်လျက် ရှိလို့နေပြီး သက်တမ်းတိုးဖို့ ပျက်ပြယ်သွားခဲ့မယ်ဆိုရင် ဒီဘားလားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : Semperinter

အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ၂၀၁၅ခုနှစ်ကမှ ပါလာမိုအသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို အပိုဆုကြေး အပါအဝင် ယူရိုသန်း(၄၀)နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၇၅)ပွဲ ပါဝင်ကစားထားခဲ့ကာ စုစုပေါင်းသွင်းဂိုး (၁၁၀)အထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့်လည်း သူနဲ့ အသင်းကြားက စာချုပ်သက်တမ်းဟာ ဒီရာသီအကုန်မှာပဲ အဆုံးသတ်သွားတော့မှာ ဖြစ်တဲ့အတွက် သက်တမ်းတိုးဖို့ကို ကစားသမားဘက်ကရော အသင်းဘက်ကပါ လုပ်ဆောင်ကြပေမယ့် အခုထိကို အဆင်မပြေနိုင်သေးတဲ့ အခြေအနေမှာသာ ရှိနေရပါတယ်။

Photo Credit : Semperinter

သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဂျုဗင်တပ်စ်အသင်းဟာ ဒီဘားလားနဲ့ စာချုပ်သက်တမ်းတိုးဖို့ လွန်ခဲ့တဲ့ (၃)လလောက်ကတည်းက နှုတ်အားနဲ့ သဘောတူညီမှု ရယူထားခဲ့ပေမယ့် အသင်းဘက်ကနေ စိတ်ကူးပြောင်းလဲလာခဲ့ပြီး ဒီဘားလားရဲ့ စာချုပ်ကို တရားဝင် မတိုးမြှင့်သွားခင်ထိ အချိန်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒီသတင်းတွေ ထွက်ပေါ်လာပြီးချိန်မှာတော့ ဒီဘားလားက သူအနေနဲ့ သူ့ကို စာချုပ်သက်တမ်း တိုးမြှင့်ပေးဖို့အတွက် ဘယ်သူ့ကိုမှ သက်သေပြနေစရာ မလိုအပ်ဘူးလို့ တုံ့ပြန်ပြောဆိုသွားခဲ့ပြီး အူဒီးနီးစ်အသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာလည်း အသင်းအတွက် အဖွင့်ဂိုး သွင်းယူပြီးနောက်မှာ အသင်းဘုတ်အဖွဲ့ဝင်တွေ ကြည့်ရှုအားပေးနေတဲ့ နေရာကို အသေအချာကြည့်သွားခဲ့ပါသေးတယ်။ ဒီလို အခြေအနေတွေ ရှိလို့နေတဲ့ ဒီဘားလားကို ဂျုဗင်တပ်စ်ရဲ့ စီးရီးအေပြိုင်ဘက် အင်တာမီလန်အသင်းကနေ စောင့်ကြည့်လို့နေပြီး စာချုပ်ကိစ္စသာ အဆင်မပြေ ဖြစ်ခဲ့မယ်ဆိုရင် ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ် ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီဘားလားကို အင်တာအပြင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ ပီအက်စ်ဂျီအသင်းတို့ကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပါတယ်။