အီတလီ စီးရီးအေ ကလပ် အသင်းတစ်သင်း ဖြစ်တဲ့ အင်တာမီလန် အသင်းရဲ့ အလုပ် အမှုဆောင် အကြီးအကဲ တစ်ဦး ဖြစ်တဲ့ ဂျီဆပ်ပီ မာရာတာ ဟာ ဒန်းနစ်ရှ်ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်တဲ့ အဲရစ်ဆင် ကသာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရင် အင်တာမီလန် အသင်းအနေနဲ့ ကလည်း ဇန်နဝါရီလမှာ ရောင်းချသွားဖို့ အဆင်သင့် အနေအထားမှာ ရှိနေကြောင်း ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ အဲရစ်ဆင် ဟာ ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလ ကမှ အင်တာမီလန် အသင်းကို ယူရို သန်း ၂၀ နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ အင်တာမီလန် အသင်း အနေနဲ့ အဲရစ်ဆင် အပေါ်မှာ မျှော်လင့်ခဲ့ပေမယ့်လည်း ကစားသမား အနေနဲ့ နည်းပြ ကွန်တီ ရဲ့ တင်းကျပ်လှတဲ့ နည်းစနစ်တွေ အောက်မှာ အံဝင်အောင် မကစားနိုင်ခဲ့ပါဘူး။

Photo Credit: Calcio Mercato

အဆိုပါ အခြေအနေတွေကြောင့် နည်းပြ ကွန်တီ နဲ့ အဲရစ်ဆင် အကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးလည်း သတင်းမီဒီယာတွေက မေးခွန်း ထုတ်မှုတွေ ရှိလာခဲ့သလို အဲရစ်ဆန် ရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီးလည်း အမျိုးမျိုး ကောလဟာလ တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုချိန်မှာတော့ အဆိုပါ ကောလဟာလ တွေက တကယ်ဖြစ်လာတယ်လို့ ဆိုရမှာ ဖြစ်ကာ အင်တာမီလန် အသင်းရဲ့ အားကစားဒါရိုက်တာ ဂျီဆပ်ပီ မာရာတာ က အကယ်၍ အဲရစ်ဆင် အနေနဲ့ သူ့ကို ရောင်းချပေးဖို့ တောင်းဆိုလာခဲ့ရင် သူတို့ ဘက်ကနေလည်း ‌ဇန်နဝါရီလ မှာ ရောင်းချပေးဖို့ အဆင်သင့် အခြေအနေမှာ ရှိနေကြောင်း စနေနေ့က ပြောဆိုသွားခဲ့ပါတယ်။ “ အရေးအကြီးဆုံး အချက်က အလုပ်လုပ်ဖို့ပါပဲ။ ဘောလုံးဆိုတာက ဒီလို အခြေအနေ တွေနဲ့ တစ်ချိန်လုံး ပြည့်နှက်နေတာပါ။ လက်မှတ်ထိုး ခေါ်ယူထားတဲ့ ကစားသမားတွေထဲမှာလည်း အသင်းရဲ့ နည်းဗျုဟာပိုင်း ( ဒါမှမဟုတ် ) အသင်းအတွက် အသုံးပြုလို့ မရတဲ့ ကစားသမားတွေ ရှိနေပါတယ် ”

Photo Credit: Calcio Mercato

“ ကျွန်တော်တို့ အဲရစ်ဆင် ကို ယူရို သန်း ၂၀ နဲ့ ဇန်နဝါရီ လတုန်းက ခေါ်ယူခဲ့တယ်။ အဲ့ဒါက အခွင့်အရေး ကောင်းတစ်ရပ် ဖြစ်ခဲ့ပြီးတော့ ဈေးကွက်မှာ အကောင်းဆုံး ညှိနှိုင်းမှု တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ အနေနဲ့ ကစားသမားတွေ အပေါ်ကို အကဲခတ်ဖို့ လိုပြီးတော့ သူ့ရဲ့ ပွဲထွက်လူစာရင်း အတွက် မှန်ကန်တဲ့ ကစားသမားမျိုးကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ ဇန်နဝါရီလ ရောက်တဲ့ အချိန်ထိ ကစားသမား အနေနဲ့ ပုံမှန် ကစားခြင်းမရှိပဲနဲ့ သူ့ကို ရောင်းချပေးဖို့ တောင်းဆိုလာရင် ကျွန်တော်တို့ဘက်က အခြေအနေပေါ်ကို မူတည်ပြီးတော့ ရောင်းချဖို့ ပြင်ဆင်သွားမှာပါ။ ကျွန်တော်တို့ အမြဲတမ်း တိုးတက်ဖို့ ကြိုးစားနေပါတယ်။ ပြီးတော့ အပြောင်းအရွှေ့ဈေးကွက်မှာလည်း အခွင့်အရေးတွေ ရရှိအောင် ရှာဖွေနေပါတယ်။ ဒါပေမယ့် ပြဿနာက အသင်းနဲ့ အံဝင်ခွင်ကျတဲ့ ကစားသမားမျိုးကို ရှာဖွေရတာပါပဲ ” လို့ ပြောဆို သွားခဲ့ပါတယ်။